DVB Logo
Home
မြန်မာသတင်း
ဘောလခဲမြို့မရဲစခန်း အပါအဝင် နေရာ ၄ ခုကို PDF ပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီဘက်က ၂၀ ကျော်သေ
DVB
·
May 3, 2023
ဘောလခဲမြို့မရဲစခန်း အပါအဝင် နေရာ ၄ ခုကို PDF ပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီဘက်က ၂၀ ကျော်သေ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်ထဲက ဘော်လခဲမြို့မရဲစခန်း အပါအဝင် နေရာ ၄ နေရာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ကြလို့ အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြီးခဲ့တဲ့ မေ ၁ ရက် မနက် ၅ နာရီကနေ ၇ နာရီအထိ  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)၊ အမှတ်-၁၁၀၅ တပ်ရင်းနဲ့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ အမှတ်-၁၁၀၈ တပ်ရင်းတို့ ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းက ဘောလခဲမြို့တွင်းမှာ တပ်စွဲနေရာယူထားတဲ့  စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်း၊ ရုပ်သံလွှင့်ဌာနတို့ကို ဝင်ရောက်စီးနင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ၂ ယောက် ကျဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီးတော့ စစ်ကောင်စီဘက်က အများအပြား ထိခိုက်ဒဏ်ရာရရှိကာ AK-47 တလက်၊ G4 တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်းနဲ့ ရုပ်သံလွှင့်ဌာနတို့ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။

မေ ၁ ရက် မနက် ၅ နာရီလောက်ကနေ ၇ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် (BPDF) နဲ့အတူ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (PPDF) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ ဘောလခဲပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (BPDF) အမှတ်-၁၁၀၅ တပ်ရင်းမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့သလို စစ်ကောင်စီထံမှ G4 ၁ လက်၊ AK 22 ၁ လက်၊ G4 ကျည်ဘောက် ၆ ခု၊ AK ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည်ဆန်တချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ ၁၃ ဦးထက် မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်မှုထမ်းဟောင်းရုံးကို မီးရှို့ဖြိုချခဲ့ပြီး လ.ဝ.ကရုံးကို ဝင်ရောက်စီးနင်းစဉ် ဘောလခဲအခြေစိုက် စစ်ကောင်စီတပ် ခမရ ၄၃၀ တပ်မှ စစ်ကူရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကာ မေ ၂ ရက်မှာ စစ်ကောင်စီဘက်မှ သေဆုံးသူအလောင်းတွေနဲ့ ဒဏ်ရာရလူနာတွေကို ရဟတ်ယာဉ်နဲ့ ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဘောလခဲမြို့အတွင်းရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ စုပေါင်းဂိတ်တွေ၊ စာသင်ကျောင်းအနီး စတဲ့ မြို့တွင်း နေရာအနှံ့အပြားမှာ အင်အားရာဂဏန်းကျော်နဲ့ တပ်စွဲထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူ အယောက် ၃၂၀ နီးပါးနဲ့ စစ်ဘေးရှောင် သေဆုံးသူ ၁၃၄ ယောက်ထိ ရှိလာခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

ဧပြီ ၃၀ ရက်အထိ ကရင်နီပြည်နယ်တွင်း လေကြောင်းကနေ တိုက်ခိုက်ခံရမှုကတော့ ၃၆၃ ကြိမ်ထိ ရှိခဲ့ပြီး ပျက်စီးသွားတဲ့နေအိမ် ၁,၄၉၇ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၃၄ လုံး ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ မတရား ဖမ်းဆီးခံထားရသူ အရေအတွက်ကတော့ ၂၇၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၉၉၅ ယောက် သေဆုံးကာ စစ်ကောင်စီယာဉ် ၆၁ စီး ပျက်စီးခဲ့သလို KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၂၅၉ ယောက် ကျဆုံးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင် ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013