DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ် ပျူ‌ရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်ရောက်ပစ်ခတ်၊ ဘုတလင်တွင် တိုက်ပွဲဖြစ်
DVB
·
May 3, 2023
ပုလဲမြို့နယ် ပျူ‌ရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်ရောက်ပစ်ခတ်၊ ဘုတလင်တွင် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ တပ်စွဲထားတဲ့ ဇီးဖြူကုန်း ပျူစောထီးကျေးရွာကို မေ ၂ ရက် မနက်အစောပိုင်း ၅ နာရီခွဲမှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေထံကနေ သိရပါတယ်။

အခုတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂၅ ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ပုလဲသခင်ဒေါင်း‌ညိုအဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲကတော့ အောင်မြင်တယ်လို့ ပြောလို့ရမယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့အဖွဲ့တွေ ပျူရွာထဲအထိ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာဗျ။ အခုလို ညတိုက်ပွဲလုပ်ရတာကလည်း လေယာဉ်ကြောက်လို့ပေါ့။ သူတို့ဘက်က အကျအဆုံးကတော့ အတိအကျ မသိရဘူး။ ကိုယ့်ဘက်က တယောက်ထိတာတော့ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ပုလဲမြို့နယ်မှာ အင်မထီးရွာ၊ ဇီးဖြူးကုန်းရွာ စတဲ့ကျေးရွာသားတွေကို စစ်သင်တန်းပေးပြီး လက်နက်တွေပါ ချထားပေးတဲ့ ကျေးရွာတွေဖြစ်သလို အဆိုပါ ရွာသားအများစုကလည်း ရိက္ခာပြတ်တောက်လာပြီဆို အနီးအနားက ကျေးရွာတွေကို ဝင်ရောက်ပြီး လက်နက်ပြ လုယူတာတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက သားရိုးကုန်းရွာမြောက်ဘက် စွမ်းရည်ထက် ကိုယ်ပိုင်စာသင်ကျောင်းအနီးမှာ မေ ၂ ရက် မနက် ၉ နာရီကျော်လောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ မေ ၁ ရက်က နမခကနေ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးတောရွာဒေသခံတဦးက “မနေ့က နမခကနေ ထွက်လာတယ်။ ညနေပိုင်းရောက်တော့ ကျနော်တို့ ဘုတလင်မြို့နယ်က ဇီးတောရွာမှာ ညအိပ်တပ်စွဲတယ်။ သူတို့လာပြီ ဆိုကတည်းကတော့ ဒေသခံတွေ စစ်ကြောင်းရှောင်ရတာပေါ့။ အခုတော့ ကျနော်တို့ရွာကနေ ထွက်သွားပြီး ခဏနေတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားချိန်ဟာ မနက် ၉ နာရီကနေ စတင်ဖြစ်ပွားပြီး ၁၀ နာရီ ၂၀ မှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

“တိုက်ပွဲဖြစ်တာ ဟုတ်တယ်ဗျ။ သူတို့က ဇီးတောရွာကနေ အင်အား ၄၈ ယောက်နဲ့ မုံရွာ-ဘုတလင်သွား လမ်းအတိုင်း တက်လာတာကို ကျနော်တို့‌က ကျီးပင်ချောင်ရွာအကွေ့ကနေ မိုင်းစဆွဲတယ်။ အဲအကြိမ်မှာလည်း ဒီကောင်တွေထိတယ်။ အဲကနေ ထပ်တက်လာတော့ သားရိုးကုန်းရွာဦးထိပ် မြောက်ဘက်အနီး စွမ်းရည်ထက် ကိုယ်ပိုင်အထက်တန်းကျောင်း ကြားမှာ ထိပ်တိုက်ဖြစ်တယ်။ (--)တွေဘက်က ၂ ယောက်ကျတယ်၊ ၅ ယောက် ဒဏ်ရာရသွားတယ်။ တိုက်ပွဲပြီးတော့ ဘုတလင်ဆေးရုံထဲ ဝင်သွားကြတယ်။ ကိုယ့်ဘက်ကတော့ ရဲဘော်တဦး ပေါင်ရှပ်ထိဒဏ်ရာ ရခဲ့တာ ရှိခဲ့တယ်” လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

အခုတိုက်ပွဲကို ဒေသတွင်း စစ်အာဏာရှင်တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုံ စုပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013