Home
မြန်မာသတင်း
ဖားကန့်တွင် စစ်တပ်က ဖမ်းဆီးရိုက်နှက်သဖြင့် အမျိုးသား ၁ ဦး သေဆုံး၊ ကာမိုင်းတွင် ဒေသခံ ၂၀ ခန့် ဖမ်းဆီးခံရ
DVB
·
May 3, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့သူတွေထဲက အမျိုးသားတယောက် ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ  မှော်ဘုံ(မဒဲန်ယန်)ကျေးရွာက ဒေသခံ ၂၀၀ နီးပါးကို ဧပြီ ၂၁ ရက်က မဆွပ်ယန်အကျဉ်းထောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်စစ်ဆေးရာက အမျိုးသားတဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

မိသားစုနဲ့နီးစပ်သူ ဒေသခံတဦးက “ဧပြီ ၂၁ ရက်က အယောက် ၂၀၀ လောက် အဖမ်းခံရတယ်။ အဖမ်းခံရတဲ့သူတွေကို မဆွပ်ယန်ထောင်မှာ ရိုက်နှက်စစ်ဆေး မေးမြန်းတာတွေ ပြုလုပ်ရင်း လက်လွန်ပြီး သေသွားတာ။ အလောင်းလည်း ပြန်မရဘူး။ သေဆုံးတယ်ဆိုတဲ့သတင်း သိရတာတောင် ဧပြီ ၃၀ ရက်နေ့ကမှ  သိရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်စစ်ဆေးလို့ သေဆုံးခဲ့တဲ့ အမျိုးသားဟာ မှော်ဘုံကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ရေမဆေးကျောက်ရှာဖွေသူ ကိုထွယ်အောင် ဆိုသူ ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူတဦးက “အဖမ်းခံရတဲ့သူတွေကို အဓိက စစ်တာကတော့ KIA / PDF နဲ့ ပတ်သက်မှု ရှိ မရှိ၊ ထောက်ပံ့မှု ရှိ မရှိ စစ်ဆေးတာ။  လက်ပြန်ကြိုးတုပ် ရိုက်နှက်ပြီးကို စစ်ဆေးတာ။ ရိုက်နှက်စစ်ဆေးရင်း လက်လွန်ပြီး ထွယ်အောင် သေဆုံးသွားတယ်။ လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးသူတွေရှိတယ်။ အထဲမှာလည်း ၁၀၀ ကျော်လောက် မလွတ်သေးတာရှိတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၁ ရက်က မှော်ဘုံကျေးရွာမှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၀၀ နီးပါးကို စစ်ကောင်စီတပ်က KIA/PDF တို့နဲ့ ပတ်သက်မှု ရှိ မရှိ စစ်ဆေးမေးမြန်းကာ ဧပြီ ၂၆ ရက်မှာ ဖမ်းဆီးထားသူ ၅၀ ကျော်ကို နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ကာမိုင်းမြို့မှာလည်း ဒေသခံပြည်သူ အယောက် ၂၀ ထက်မနည်းကို မေ ၁ ရက် ညနေပိုင်းက မိုးကောင်းမြို့နယ်အတွင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ညနေ ၄ နာရီလောက်မှာ မိုးကောင်း မရန်ကထောင်ဘက်ကနေ အင်အား ၁၀၀ ကျော်လောက် တနိုင်းဘက် စစ်ကြောင်းထိုးလာတယ်။ လမ်းမှာ ခြံလုပ်သူတွေ လယ်လုပ်သူတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ အားလုံးပေါင်း ၂၀ ကျော်လောက် အဖမ်းခံရတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတက် စစ်ကြောင်းထိုးရာ လမ်းကြောင်းကနေ ဖမ်းဆီးခေါ်ဆောင်လာသူ အရပ်သား ပြည်သူ ၂၀ ကျော်ထဲက အချို့ကို  စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့တယ်လို့  ဆိုပေမယ့် အချို့ကိုတော့ ဆက်လက်ဖမ်းဆီးထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။           

“မိုးကောင်းကနေ  စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အဲဒီစစ်ကောင်စီတပ်က ကာမိုင်းမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးတယ်။ စစ်ကောင်စီတပ် ၅ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းသွားတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကာမိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို ရှောင်တခင် စစ်ဆေးမှုတွေ မကြာခဏ ပြုလုပ်နေပြီး မတ် ၃၀ ရက်က ဆန်နဲ့ ဆီ သယ်ဆောင်လာသူ ကားသမားတစ်ဦးကို စစ်ဆေးရေးဂိတ်ကနေ စစ်ဆေး ဖြတ်သန်းအပြီး အနောက်ကနေ သေနတ်နဲ့ လှမ်းပစ်ခဲ့တဲ့အတွက် ကိုမိုက်မိုက်ဆိုသူ ကားဆရာ သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024