
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ သေဆုံးပြီး ရေစီးနဲ့ မျောပါလာတဲ့ ၇ လသားအရွယ် ကလေးငယ် ရဲ့ မိဘတွေကို ရှာတွေ့ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
မိဘတွေကတော့ ဦးရှမ်းလေးနဲ့ ဒေါ်ခါးမိုင်ဆိုင်းတို့ဖြစ်ကြပြီး အိပ်ပျော်နေချိန် ရေတက်လာလို့ ကလေးမျောပါသွားတာကို မနက် ၅ နာရီမှ သိရှိခဲ့ကြတာဖြစ်ပါတယ်။
ဒေသခံတယောက်က “အိပ်ခန်းရေတက်ပြီး ကလေးရေထဲပါသွားတာ။ ကလေးက ဘယ်အချိန် ရေထဲကျသွားလဲ မသိလိုက်ကြဘူး။ အမေဖြစ်သူက မနက် ၅ နာရီအိပ်ယာကနိုး လာတော့မှ ကလေးမရှိတော့မှန်း သိရတာ”လို့ ပြောပါတယ်။
ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းက ငှက်ပျောတောရပ်ကွက်မှာ ရေစီးနဲ့မျောပါလာတဲ့ ကလေးအလောင်းတွေ့ရှိလို့ ကွန်းဖောင်ဒေးရှင်းက သွားရောက်ဆယ်ယူပြီး မိဘတွေကို ရှာဖွေနေခဲ့တာပါ။
ဥရုချောင်းရေဟာ ဇူလိုင် ၁၈ ရက် ညနေပိုင်းကစလို့ ရေလျှံပြီး ရပ်ကွက်နဲ့ ကျေးရွာတွေထဲ ရေဝင်လာတာကြောင့် တထပ်တိုက်နေအိမ်တွေ နစ်မြှုပ်တာ၊ မိုးများပြီး မြေပြိုကျတာ၊ ချောင်းနဲ့ တံတားကျိုးတာတွေဖြစ်ခဲ့ပါတယ်။
အဲဒီလို ရေကြီးရေလျှံရတာဟာ ဒီနှစ်ဖားကန့်ဒေသက ဥရုချောင်းရှင်းလင်းရေး မလုပ် နိုင်တာကြောင့်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေကထက် ရေကြီးတဲ့ဒဏ်ကို ပိုခံနေရတယ်လို့ သိရပါတယ်။











