DVB Logo
Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃,၄၅၀ ကျော်၊ သေဒဏ်ချမှတ်ခံရသူ ၁၅၄ ဦးရှိလာ
DVB
·
May 3, 2023
စစ်တပ် သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃,၄၅၀ ကျော်၊ သေဒဏ်ချမှတ်ခံရသူ ၁၅၄ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၅၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၈၀၇ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မေ ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၈၉၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၈၃၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၉၁၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီး ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ-၃၆၁ နဲ့ တပ်မ-၈၈ လက်အောက်ခံ စစ်ကြောင်းက သူတို့ စစ်ကြောင်းထိုးရာလမ်းကြောင်းရှိ စကျင်ကျေးရွာက ဒေသခံပြည်သူ ၁၀ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစစ်ကြောင်းတွေဟာ ဧပြီ ၁၈ ရက်ကတည်းက စတင်ပြီး မလည်တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့အတွက် ပဇီကြီးကျေးရွာဝန်းကျင် ကျေးရွာ ၁၃ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းအသုံးပြုပြီးတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြီး ဧပြီ ၂၉ ရက်မှာတော့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဧပြီ ၂၈ ရက်မှာတော့ ရန်ကုန်တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒ အထူးပြုဘွဲ့ရ ကျောင်းသား ကိုဗညားစိုးထက်ကို အင်းစိန်ထောင် အထူးတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုဗညားစိုးထက်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရပြီး ဖြစ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၈၄ နှစ် ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီ ရုံးချုပ်ရဲ့ အထွေထွေမန်နေဂျာ ဦးသိန်းအောင်ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းက ကုန်စုံဆိုင်ပိုင်ရှင် လင်မယား ၂ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို မတ် ၂၂ ရက်မှာ အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) တို့နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပြီး ဧပြီ ၂၅ ရက်မှာတော့ စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) တို့နဲ့  သေဒဏ် ထပ်တိုးချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကိုကောင်းဆက်ပိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013