DVB Logo
Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ကျားဖြန့်လုပ်ငန်းကြီးတခုကို ဖော်ထုတ် (ဓာတ်ပုံ)  
DVB
·
April 9, 2026
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ကျားဖြန့်လုပ်ငန်းကြီးတခုကို ဖော်ထုတ် (ဓာတ်ပုံ)  
1 / 9
Photo: Reuters
Donate to DVB

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့ အိုစမက်ချ်ဒေသမှာ ကြီးမားတဲ့ အွန်လိုင်းငွေလိမ်လည် ကျားဖြန့် လုပ်ငန်းကြီးတခု ရှိခဲ့တဲ့နေရာကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီနေရာဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေရဲ့ အဓိကအချက်အချာနေရာတခု ဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို တင်ပြခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို လာရောက်စစ်ဆေးဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

အဆိုပါနေရာကို ထိုင်းနဲ့ နိုင်ငံခြားမီဒီယာတွေကို လိုက်လံပြသပြီးနောက်မှာ ထိုင်း-ကမ္ဘောဒီးယား အခြေအနေဆိုင်ရာ ပူးတွဲသတင်းပြန်ကြားရေးစင်တာက ဧပြီ ၇ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား အခြေအနေဆိုင်ရာ ပူးတွဲသတင်းပြန်ကြားရေးစင်တာရဲ့ ဒါရိုက်တာ ပရာပတ်စ် ဆွန်ဂျိုင်ဒီက “ဒါဟာ ကမ္ဘာလုံးဆိုင်ရာအဆင့်မှာ တကယ့်ခြိမ်းခြောက်မှုတခုပါ” လို့ ပြောကြားလိုက်ပြီး ဒီလိုလုပ်ငန်းတွေကို နိုင်ငံတနိုင်ငံတည်းရဲ့ အားနဲ့ ဖြေရှင်းလို့မရနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

နယ်စပ်တဖက်ကမ်းမှာရှိတဲ့ ဒီနေရာဟာ ဖျော်ဖြေရေးမြို့တော်ကြီးတခုလို ကျယ်ပြန့်တဲ့ အဆောက်အအုံကြီးနဲ့ ထိန်းသိမ်းရေးအခန်းတွေ၊ ဆေးကုသရေးဌာနတွေနဲ့ အုပ်ချုပ်ကွပ်ကဲမှု ဖွဲ့စည်းပုံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းတပ်ဖွဲ့တွေဟာ အစပိုင်းမှာ ဒီနေရာကို ကာစီနိုလောင်းကစားရုံတခုလို့ပဲ ထင်မှတ်ခဲ့ပြီး ငွေလိမ်လုပ်ငန်းအခြေစိုက်စခန်းအဖြစ် အသုံးပြုနေတာကို မသိခဲ့ဘူးလို့ ဆိုပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းသွားပြီးနောက်မှာ ဒီနေရာကို အွန်လိုင်း ငွေလိမ်လည်မှုလုပ်ငန်းအဖြစ် ပြောင်းလဲခဲ့တယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက နယ်စပ် တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယားတပ်ဖွဲ့တွေက ဒီနေရာကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး ထိုင်းတပ်စခန်းတွေကို ဒရုန်းတွေ၊ စနိုက်ပါတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း  ထိုင်းစစ်တပ်က စွပ်စွဲပြောပါတယ်။

ဒီအဆောက်အအုံကို ကမ္ဘောဒီးယားနိုင်ငံရေးသမားလည်းဖြစ်၊ ထင်ရှားတဲ့ စီးပွားရေးသမားလည်း ဖြစ်တဲ့  လီယွန်းဖတ်က ပိုင်ဆိုင်ပြီး သူဟာ ဒီနေရာနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံထားရသူ ဖြစ်ပါတယ်။

ဒီနေရာဟာ ဧက ၁၉၇ လောက် (ဘောလုံးကွင်း ၁၅၀ ခန့်) ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ အဆောက်အအုံပေါင်း ၁၅၇ ခု ပါဝင်ပြီး လူပေါင်း ၁၀,၀၀၀ အနည်းဆုံး နေထိုင်ခဲ့တယ်လို့ ထိုင်းစစ်ဘက်အရာရှိတွေက ခန့်မှန်းထားပါတယ်။

အဆောက်အအုံတွေထဲမှာ ငွေလိမ်လုပ်ငန်းတွေအတွက် ရုံးခန်းအဖြစ် အသုံးပြုတဲ့ အဆောက်အအုံ ၂၉ ခု၊ အလုပ်သမားတွေအတွက် ကြီးမားတဲ့ အဆောင်တွေ၊ တိုက်ခန်းတွေနဲ့ ၃ ထပ် ဇိမ်ခံအိမ်ရာတွေ ပါဝင်ပါတယ်။

၄ ထပ် ရုံးခန်းတခုထဲမှာတော့ အရင်နေထိုင်သူတွေ ချန်ထားခဲ့တဲ့ မုန့်ပဲသရေစာတွေအပြင် တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ အသေးစိတ် ငွေလိမ်လည်မှု ညွှန်ကြားချက်တွေနဲ့ မှတ်စုတွေကို မီဒီယာသမားတွေက လေ့လာရေးခရီးစဉ်မှာ တွေ့ရှိခဲ့ရပါတယ်။

သတင်းမီဒီယာခရီးစဉ် ပြုလုပ်တဲ့နေ့မှာပဲ FBI က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားတွေဟာ အွန်လိုင်းငွေလိမ်လည်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံနီးပါး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013