DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာမိခင်တဦးက ၅ နှစ်ရွယ်သမီးကို အလွန်အကျွံရိုက်နှက်ပြီး ထွက်ပြေး
DVB
·
May 2, 2023
ဘန်ကောက်တွင် မြန်မာမိခင်တဦးက ၅ နှစ်ရွယ်သမီးကို အလွန်အကျွံရိုက်နှက်ပြီး ထွက်ပြေး
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၁ ဦးက အသက် ၅ နှစ်ရွယ်သမီးကို အပြင်းအထန်ရိုက်နှက်ပြီး ထွက်ပြေးသွားလို့ အိမ်နီးနားချင်းတွေက အရေးပေါ်လူနာတင်ကားနဲ့ ရဲကိုတိုင်ကြားခဲ့ကြောင်း ဧပြီ ၂၉ ရက် ထိုင်းရတ်တီဗွီသတင်းမှာ ဖော်ပြပါတယ်။

ထုန့်ခရူးနယ်မြေ ပချားဦထစ်လမ်းသွယ် ၂၇ မှာ ငှားနေတဲ့ အသက် ၂၈ နှစ်ရွယ် မြန်မာမိခင်တဦးဟာ ခင်ပွန်းဖြစ်သူ အလုပ်ပြုတ်လို့ စိတ်ညစ်နေစဉ် နောင့်ဒါးလို့ခေါ်တဲ့ ၅ နှစ်အရွယ် သမီးလေးက ဆော့ကစားရင်း မိခင်ရဲ့အပ်ချုပ်စက်ပျက်အောင်လုပ်လို့ အမေက စိတ်ဆိုးပြီး အလွန်အကျွံ ရိုက်နှက်ခဲ့ပါတယ်။

ရိုက်နှက်ခံရတဲ့ ကလေးဟာ မျက်လုံးနှစ်ဖက်လုံး ဖွင့်မရအောင် ရောင်ကိုင်းနေပြီး မျက်နှာနဲ့ ခန္ဓာကိုယ်တွေမှာလည်း အရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေလို့ အိမ်နီးနားချင်းတွေက မနေနိုင်တော့ဘဲ ၁၆၆၉ အရေးပေါ်လူနာတင်ကားနဲ့ ရဲစခန်းကိုပါ တိုင်ကြားခဲ့ပါတယ်။

တာဝန်ရှိသူတွေ ရောက်လာတဲ့အခါမှာ ကလေးငယ်ရဲ့ မျက်နှာအပြင် နောက်ကျောနဲ့ ခြေထောက်တွေမှာပါ ရိုက်နှက်ရာတွေ စစ်ဆေးတွေ့ရှိပါတယ်။

အသက် ၃၄ နှစ်ရွယ် ကလေးရဲ့ဖခင်နဲ့ အန်တီလေးဖြစ်သူက ကလေးအမေဟာ စိတ်ဆတ်၊ စိတ်တိုလွယ်ပြီး ကလေးကို အမြဲရိုက်တတ်ကြောင်း၊ အဲဒီဒဏ်ရာတွေဟာ ဒဏ်ရာဟောင်းနဲ့ ဒဏ်ရာသစ်တွေဖြစ်တယ်၊ တံမြက်စည်း၊ အင်္ကျီချိတ် စတဲ့ တွေ့ကရာပစ္စည်းနဲ့ ရိုက်ကြောင်း၊ ခေါင်းကိုကိုင်ပြီး နံရံနဲ့ဆောင့်တတ်သလို ခြေထောက်ကဒဏ်ရာကတော့ မီးပူနဲ့ကပ်တာလို့ ဆိုပါတယ်။

ကလေးအဖေက ဝင်ရောက်တားဆီးတဲ့အခါ လင်မယားရန်ဖြစ်လေ့ရှိကြောင်း၊ ဒီတခေါက်မှာတော့ ကလေးကိုရိုက်တာ လွန်လွန်းပြီး မိန်းမနဲ့ပါသွားတဲ့ ၆ လသားအရွယ် ကလေးအတွက်ပါ စိုးရိမ်တယ်၊ အဲဒီကလေးကို ပြန်ရရင် သူ့အမေကို ကွာရှင်းပြီး ကလေး ၂ ယောက်လုံးကို သူ့ဘာသာပဲ ရှာကျွေးမယ်လို့ ကလေးအဖေက ရဲကိုပြောပါတယ်။

တာဝန်ရှိသူတွေက ကလေးကို ကျရိန်းကွန်းဆေးရုံမှာ ကုသပေးနေပြီး ထွက်ပြေးနေတဲ့ မိခင်ကိုလည်း စုံစမ်းရှာဖွေခဲ့ပါတယ်။

ကလေးအမေဟာ ချွန်းဖွန်းခရိုင်မှာ အမတယောက်ရှိပြီး အဝေးပြေးကားဂိတ်မှာ လက်မှတ်ဝယ်ခဲ့တယ် ဆိုတာကို သိရတဲ့နောက် စစ်ဆေးရေးဂိတ်အဆင့်ဆင့်ကို အကြောင်းကြားရာမှာ ပရကျုပ်ခီရီခန်ခရိုင်ကားဂိတ်မှာ ကားရပ်နားစဉ် ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနောက် ရတ်ပူရနနယ်မြေရဲစခန်းက ကလေးအမေကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်အား ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းပြီး အမှုဖွင့်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013