ဆီးရီးယားနိုင်ငံမှာ ရာထူးကနေ ဖယ်ရှားခံရသူ သမ္မတဟောင်း ဘာရှား အယ်လ် အာဆတ်ရဲ့ ညီအစ်ကိုဝမ်းကွဲ အာတက်ဖ် နာဂျစ်ဘ်ရဲ့ ပထမဆုံး အများပြည်သူရှေ့မှောက် ရုံးတင်စစ်ဆေးမှုကို ဧပြီ ၂၆ ရက်က ဒမတ်စကတ်စ်မြို့မှာ စတင်ခဲ့ပါတယ်။
နာဂျစ်ဘ်ကို နိုင်ငံတောင်ပိုင်း ဒါရာမြို့က ဆန္ဒပြပွဲတွေကို နှိမ်နင်းမှုကြောင့် ၂၀၁၁ ခုနှစ် အုံကြွမှုကို ဖြစ်ပေါ်စေခဲ့သူအဖြစ် တချို့က ယူဆကြပါတယ်။
သူဟာ ဗိုလ်မှူးချုပ်တယောက်ဖြစ်ပြီး ဒါရာမြို့က နိုင်ငံရေးလုံခြုံရေးဌာန အကြီးအကဲဟောင်းလည်း ဖြစ်ပါတယ်။
အာတက်ဖ် နာဂျစ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ နိုင်ငံအနောက်ပိုင်း လာတာကီးယားပြည်နယ်မှာ အထွေထွေလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
နာဂျစ်ဘ်ဟာ လုံခြုံရေးအကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ ဒါရာမြို့မှာ ဆီးရီးယား ယောက်ျားလေးအုပ်စုတစုကို ၂၀၁၁ ခုနှစ်မှာ ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းခဲ့လို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
နောက်ဆုံးမှာ အာဆတ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နင်းမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အုံကြွမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဆီးရီးယားမှာ လူ့အခွင့်အရေးချိုးဖောက်ရာမှာ ပါဝင်ပတ်သက်မှုနဲ့ ၂၀၁၁ ခုနှစ်မှာ အမေရိကန်က နာဂျစ်ဘ်ကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။
Source: Reuters










