DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် စစ်တပ်က အိမ်ခြေ ၅၀၀ ဝန်းကျင်အား မီးရှို့ဖျက်ဆီး၊ အကူအညီလိုအပ်နေ
DVB
·
May 1, 2023
ခင်ဦးမြို့နယ်တွင် စစ်တပ်က အိမ်ခြေ ၅၀၀ ဝန်းကျင်အား မီးရှို့ဖျက်ဆီး၊ အကူအညီလိုအပ်နေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က ဧပြီ ၂၆ ရက်နေ့ ညနေမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်စီးနင်းကာ ၂၇ ရက် မနက်ထိ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း ရွှေဘိုဘက်မှ ခင်ဦးမြို့နယ် တပင်ကောင်းရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ညအိပ်တပ်စွဲကာ ဧပြီ ၂၆ ရက် နေ့လယ်မှာ ကံကြီးကုန်းရွာက နေအိမ်အချို့အား မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့လို မီးရှို့မှုကြောင့် ၃ ရက်အတွင်း တပင်ကောင်းရွာမှ နေအိမ် ၂၅ လုံး၊ ကံကြီးကုန်းရွာမှ နေအိမ် ၅ လုံး၊ မြို့သစ်ကျေးရွာမှ အိမ်ခြေ ၄၅၀ ကျော် စုစုပေါင်း ၃ ရက်အတွင်း ကျေးရွာ ၃ ရွာမှ နေအိမ် ၅၀၀ ဝန်းကျင် ဆုံးရှုံးခဲ့ရပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မြို့သစ်ကျေးရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရပြီး အညာရာသီဥတု နေ့အပူချိန် အရမ်းမြင့်တာကြောင့် ပြည်သူတွေ နေစရာအိမ်မပြောနဲ့ နားခိုစရာ သစ်ပင်တောင် မရှိတော့ဘူးလို့ သိရပါတယ်။

လက်ရှိမှာ ထမင်းစားဖို့အတွက် အနီးနားရှိ ကျေးရွာပြည်သူတွေက ထမင်းထုပ် ဝေငှတာပဲ စားနေရပြီး ချက်ပြုတ်စားဖို့ အိုးခွက်ပန်းကန်လည်း မရှိတော့ဘူးလို့ နေအိမ်မီးရှို့ခံရသူတွေက ပြောပါတယ်။

စာကြည့်တိုက်နဲ့ ဆွမ်းစားကျောင်းပါမကျန် အကုန်မီးရှို့ခံရတာကြောင့် သံဃာတွေ ဆွမ်းစားဖို့တောင် သပိတ်မကျန်တော့ဘူးလို့ ဆိုပါတယ်။

ဧပြီ ၃၀ ရက် မနက် ၈ နာရီ ၅၀ မိနစ် လောက်က ခင်ဦးမြိုနယ်၊ အလယ်လျှိုကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီး မီးထပ်ရှို့ခဲ့တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဒီမနက်မှာပဲ အလယ်လျှိုကျေးရွာထဲကို ဝင်ပြီး မီးရှို့သွားတာ။ အိမ်ခြေ ဘယ်လောက် မီးရှို့ခံထားရလဲတော့မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အလယ်လျှိုကျေးရွာကနေ သောက်ကန်ရွာဘက်ကို စစ်ကြောင်းထိုးလာလို့  ခင်ဦးနဲ့ ကန့်ဘလူက ရွာ ၈ ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

အလယ်လျှိုကျေးရွာမှာ အိမ်ခြေ  ၅၀၀ လောင်ရှိပြီး အခု မီးရှို့ခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မီးရှို့ခံရမှုမှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့  ခင်ဦးမြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။

အလယ်လျှိုကျေးရွာဟာ ပထမအကြိမ်က အိမ်ခြေ ၃၀၀ ကျော် မီးရှို့ခံထားရပြီး အခုတကြိမ် ရွာလုံး ကျွတ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်က ကျေးရွာ ၇၀ မှ နေအိမ် ၄၈၀၀ ကျော်မီးရှို့ခဲ့တာကြောင့် ပြည်သူ ၂၀၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်နေကြပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013