
စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်ထဲက အမ်းနဲ့ တောင်ကုတ်အစပ်ကို ဦးတည်ထိုးစစ်ဆင်လို့ မင်းတုန်းအနောက်ခြမ်းက ရိုးကျော်လမ်းပေါ်မှာ တိုက်ပွဲဆက်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ လည်း ပြုလုပ်နေပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ကိုဝင်ရောက်နိုင်ရေး မင်းတုန်းအနောက်ခြမ်းက သဖန်းရောင်၊ ပြောင်း၊ ထန်ပင်ကုန်းရွာတွေကတဆင့် ရခိုင်ပြည်နယ်ဘက် ထိုးစစ်ဆင်နေလို့ မကြာခဏဆိုသလို တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စက်တင်ဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာတော့ ရိုးကျော်လမ်းပေါ်က ကံကြိုးကျေးရွာနဲ့ ပွိုင့် ၉၄၈ ကုန်း ဝန်းကျင်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ ရုပ်အလောင်းတွေကို ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးဒေသခံ စစ်ရေးရင်းမြစ်တယောက်က “မင်းတုန်းပတ်ချာလည်မှာ သူတို့တက်စရာလမ်းက မင်းတုန်း မြောက်ခြမ်းမှာဆိုရင် မြင်းကွေ့ရှိတယ်။ မင်းတုန်းအနောက်ခြမ်းမှာဆိုရင် သဖန်းရောင်တို့၊ ပြောင်း၊ ထန်းပင်ကုန်း၊ အဲကနေတက်သွားရင် ငကုန်း၊ ငကုန်းကနေမှ ဟိုဘက်ကိုဆက်တက်တာ။ ကြာပြီ အင်အား ၁,၀၀၀ ကျော် ဖြည့်ထားတာ။ အဲကောင်က မအီကိုတက်တဲ့လမ်း၊ အဲကနေပြီး မအီလည်း တက်လို့ရတယ်။ အဲကနေမှ ကျောက်တော်တို့ အမ်းတို့လည်း ပေါက်တယ်၊ တောလမ်းတွေပေါ့နော်။ တောက်လျှောက်တော့ ဖြစ်တယ်။ နတ်ရေကန်လည်း တိုးနေတာပဲ တိုးလို့မရတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ အမ်းမြို့နယ်ထဲက တလိုင်းတောင်ဘက်ကို ဦးတည်ပြီး ကံကြိုးဘက်ကို စစ်ကြောင်း ၃ ခုခွဲ တက်လာခဲ့တာဖြစ်ပြီး ကံကြိုးမရောက်ခင် AA က ကြားဖြတ်တိုက်ခိုက်တာ ကြောင့် အထိနာခဲ့တာလို့ တခြားသတင်းရင်းမြစ်ကလည်း ဆိုပါတယ်။
အဲဒီနောက်ပိုင်း စက်တင်ဘာ ၂၃ ရက်အထိ လေကြောင်းဗုံးကြဲနေသလို တိုက်ပွဲတွေ ဆက်ဖြစ်နေ တယ်လို့ ရခိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ဒေသခံ သတင်းရင်းမြစ်က “မင်းတုန်းနဲ့ ရခိုင်အစပ်ပေါ့။ မနေ့ညကလည်း လေကြောင်းတွေနဲ့ ဒီမနက်မှာလည်းပဲ ဗုံးကြဲတိုက်ခိုက်နေတာ ရှိတယ်။ တိုက်ပွဲအခြေအနေက ဘယ်အထိ ပြင်းထန်တယ်ဆိုတာ မသိရပေမဲ့ လေကြောင်းပစ်ကူရတဲ့ အနေအထားမျိုးဆိုတော့အခါကြ တိုက်ပွဲ အခြေအနေ တော်တော်ပြင်းထန်တဲ့အထဲမှာ ရှိတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ပုဏ္ဏားကျွန်းကို လည်း မနက်စောစောကြဲတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ လောက်ကတည်းက သရက်နဲ့ ကပစ ၁၂ တွေကတဆင့် မင်တုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း မင်းတုန်းနယ်ထဲက ဇွန်းကျကျေးရွာကို လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ် အပါအဝင် ၆ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းတုန်းအနောက်ခြမ်းမှာရှိတဲ့ ပြောင်း၊ သဖန်းရောင်၊ ထန်းပင်ကုန်း၊ ဝက်ကော် အပါအဝင် ရိုးလမ်းပေါ်က ရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
စိုးသူအောင်











