Home
မြန်မာသတင်း
ပဇီကြီးရွာအနီး တိုက်ပွဲဖြစ်၊ မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး
DVB
·
April 30, 2023

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီးကြီးရွာအနောက်ဘက်နားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးအင်အားစုမဟာမိတ်အဖွဲ့တွေ ဧပြီ ၂၉ ရက် ညနေ ၃ နာရီက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲခေါင်းဆောင်တွေဆီက သိရပါတယ်။

ပဇီကြီးရွာကို ဧပြီ ၁၁ ရက်က လေကြောင်း တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်ကနေ စစ်ကြောင်း ထိုးကာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖမ်းဆီးနေလို့ တိုက်ပွဲဖြစ်ရတာလို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ဆိုပါတယ်။

ဒေသခံကာကွယ်ရေးခေါင်းဆောင်တဦးက “တိုက်ပွဲက ၁ နာရီ နီးပါးကြာမယ်ထင်တယ်။ သူတို့က စစ်ရှောင်နေတဲ့ နေရာတွေကို တိုက်ခိုက် နေတာ။ သူတို့ထင်သလို KIA,PDF တွေရှိခဲ့ရင်လည်း လေယာဉ်နဲ့ပစ်ကတည်းက ပြောင်းရွှေ့သွားတာကြာပေါ့။ အခုဟာက ဒုက္ခရောက်နေတဲ့ ဒေသခံတွေ စစ်ရှောင်နေတာကို ထပ်ပြီး ဒုက္ခရောက်အောင်လုပ်တာ။ အဲဒီလို လုပ်နေလို့ ကျေးရွာအဆင့်ရှိတဲ့ ပြည်သူကာကွယ် ၄ ဖွဲ့နဲ့ပေါင်းပြီ တိုက်ခိုက်ခဲ့တာ။ အကျအဆုံးကတော့ အတိကျ မသိရသေးဘူး။ ကိုယ့်ဘက်ကတော့ တယောက်မှမကျဆုံးခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပဇီကြီးကျေးရွာပတ်ပတ်လည်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအများစုဟာ ရပ်ဝေးက ဆွေးမျိုးသားချင် ရှိရာကို သွားရောက်နေထိုင်သေတွေရှိသလို တောတောင်တွေထဲ နေထိုင်ကာ စစ်ဘေးရှောင်နေသူတွေလည်း ရှိနေပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ ကညနရုံးနဲ့ စိုက်ပျိုးရေးရုံးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၃၊ တပ်ရင်း - ၄ နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၉ ရက် ညနေ ၆ နာရီလောက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၃၊ တပ်ရင်း - ၄  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မနေ့က ညနေ၆ နာရီခန့် ဝင်စီးတာပါ၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီကောင်တွေဆီက ၄ ယောက်သေတယ် ဖရဲသီး သတင်းပေါ့။ ကျနော်တို့ဆီက ရဲဘော် ၄ ဦး ဒဏ်ရာရတယ်။ တိုက်ပွဲတွေက ဆက်လုပ်ဖို့ တောက်လျောက်ရှိနေတာပါ၊ အရေးပေါ် လက်နက်ခဲယမ်းတွေလည်း လိုအပ်နေပါတယ်။"

မုံရွာမြို့ခံတဦးက "တိုက်ပွဲဖြစ်သံတွေကြားတယ်၊ ကျ​​နော်တို့နဲ့ နီးနီး​လေး။ စစ်ကောင်စီ နဲ့ ဘယ်အဖွဲ့ ဖြစ်တယ်ဆိုတာပဲ မသိရတာ၊ အသံတောင် ဖမ်းထားလိုက်သေးတယ်။ စောစောက သတင်း ထုတ်ပြန်တော့မှ ဖြစ်တဲ့အဖွဲ့တွေကို သိရတာပါ" လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း - ၂၊တပ်ရင်း - ၃၊တပ်ရင်း - ၄၊အထူးကွန်မန်ဒိုတပ်ဖွဲ့(Monwya The Boys)၊ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F (Aung San Force)၊ မုံရွာခရိုင်တပ်ရင်း ၇၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈၊ ဓားမဆိုင်းတပ်မတော်၊ 5/UG၊MRDA တပ်ရင်း ၆ တပ်ခွဲ ၂ စေတန်တပ်ခွဲ၊ မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ ၄ Spring Dove နဲ့ People's Defense & Revenge Army PDRA တို့က ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီးတော့ မုံရွာမြို့ပေါ်နဲ့စစ်ကိုင်းတိုင်းဒေသခံတွေကို စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို မသွားလာကြဖို့ အထူးမေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024