DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဧည့်စာရင်း၊ ထောက်ခံစာကြေး ဈေးတက်
DVB
·
April 30, 2023
ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဧည့်စာရင်း၊ ထောက်ခံစာကြေး ဈေးတက်
Donate to DVB

ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပနဲ့ မြောက်ဒဂုံမြို့နယ်တို့က ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားတာနဲ့ ထောက်ခံစာပြုလုပ်တာတွေကို အခကြေးငွေ ကောက်ခံတဲ့၀အပြင် ၂၀၂၃ ဧပြီလဆန်းပိုင်းက စတင်ပြီး စာရွက်စာတမ်းကြေးလို့ဆိုကာ ပိုက်ဆံ ပိုတောင်းခံလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ၁၃ ရက်အကြာမှာ စစ်ကောင်စီဥက္ကဋ္ဌက ဧည့်စာရင်း ဥပဒေကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး ဧည့်စာရင်းစနစ် ပြန်လည်ကျင့်သုံးချိန်ကစလို့ တိုင်ကြားသူတွေက ပိုက်ဆံပေးနေခဲ့ရတာပါ။ 

၂၀၂၃ အထွေထွေကုန်ဈေးနှုန်း ၂ ဆခန့် ပိုမိုမြင့်လာချိန်က စတင်ပြီး စက်မှုဇုန်တွေ အများအပြားရှိတဲ့ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာ ဧည့်စာရင်းတိုင်ကြေးကို စာရွက်စာတမ်းဈေးကို အကြောင်းပြကာ ပိုက်ဆံပိုတောင်းခံတာကြောင့် အရင်ဧည့်စာရင်းကြေး ကျပ် ၅၀၀ မှ ဧည့်စာရင်းတစ်ခါတိုင်ပါက ကျပ်ငွေ ၂၀၀၀ ကနေ ၃၀၀၀ အထိ ‌ပိုမို ပေးဆောင်နေရတယ်လို့ သိရပါတယ်။ 

ရွှေပြည်သာစက်ရုံအလုပ်သမတဦးက "အရင်က ဧည့်စာရင်းကို တလပေးတယ်၊ တလ တခါတိုင်ရတာ။ ၃ ယောက်လောက် စုပြီး တခါတိုင်ရင် ၅၀၀ အဆောင်မှူးကို တိုင်ခိုင်းရင် ရသေးတယ်။ အခု ၂ ပတ်တစ်ခါ ဖြစ်သွားပြီ၊ ညပိုင်း ရုံးမှာ လူကိုယ်တိုင် သွားတိုင်တော့ ရုံးက ရေးပေးတဲ့လူက စာအုပ်ဖိုးနဲ့ အလှူငွေက အားလုံး ၂၀၀၀ တောင်းတယ်။ စာအုပ်က ၅ ရွက်ပဲ ပါတယ်၊ ကုန်ရင် တအုပ် ၁၀၀၀ လို့ ပြောတယ်။ အလုပ်ထောက်ခံစာဆို တစောင် ၂၀၀၀ ပေးရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ထားတဲ့ ရပ်ကျေးဥပဒေပြင်ဆင်ချက် ပုဒ်မ ၃၃ မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေဟာ ဧည့်စာရင်းတိုင်ကြားတဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီး ငွေကြေးတစုံတရာ တောင်းခံခြင်း မပြုရလို့ ပါရှိတာကို တွေ့ရပါတယ်။ 

ဧည့်စာရင်း၊ ထောက်ခံစာပြုလုပ်ရာမှာ ငွေကောက်ခံတာနဲ့ ပတ်သက်ပြီး မြောက်ဥက္ကလာပ မြို့နယ်က ရပ်ကွက်ရုံးနဲ့နီးစပ်သူတဦးက  "ဘာလို့ ငွေကောက်ကြသလဲဆိုတော့ ရပ်ကွက်ရုံးတွေက အခု မြို့နယ်စီမံအုပ်ချုပ်ရေးရုံးမှာ တောင်းရတဲ့ ရန်ပုံငွေဆိုတာ ရှိတယ်။ ရုံးလုပ်ငန်းအတွင်း စာရွက်တို့ ဘောပင်တို့ကအစ သုံးဖို့ ငွေစာရင်းနဲ့ တောင်းရတာ။ ‌ဥက္ကဋ္ဌဖို့က လစာသက်သက် ရတယ်၊ ဧည့်စာရင်းနဲ့ ထောက်ခံစာ ရေးတာတို့က ရပ်ကွက်စာရေးက စာရင်းသွင်း ဥက္ကဋ္ဌက လက်မှတ်ထိုးပေးရတာ။ မြို့နယ်က တောင်းလို့ရတဲ့ ရုံးတွင်းစရိတ်က  မလောက်တာမျိုး ရှိချင်ရှိမယ်၊ စာရေးက ဧည့်စာရင်းရေးပေးတာ ထောက်ခံစာရေးပေးတာမျိုး လုပ်တော့ သူ့အတွက်ရော ရုံးကလူတွေအတွက်ပါ ကျန်အောင် ပိုက်ဆံကောက်တာ။ စာရွက်တွေအတွက် ကော်ပီဆွဲခက ဒီ ၄ လပိုင်းထဲ ဈေးက တော်တော်တက်လာတော့ သူတို့လည်း ကာမိအောင် ဈေးတင်တောင်းကြတာ" လို့ ပြောပါတယ်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မကြာခဏပစ်ခတ်ခံနေရတဲ့ ၂၀၂၂ ခုနှစ်ထဲမှာတော့ ရွှေပြည်သာနဲ့ မြောက်ဥက္ကလာမှာ ရုံးခန်းအစား ရပ်ကွက်စာရေးနေထိုင်တဲ့ အိမ်တွေနဲ့ နေ့စားကူညီရေးပေးတဲ့ အိမ်တွေမှာ ဧည့်စာရင်းနဲ့ ထောက်ခံစာရေးပေးတယ်လို့ သိရပါတယ်။ 

ဧည့်စာရင်းရက်ကျော်သူတွေနဲ့ ဧည့်စာရင်းလုံးဝမတိုင်သူတွေကို ဧည့်စာရင်းစစ်ဆေးတဲ့အချိန် တွေ့ရှိရင်လည်း သတ်မှတ်ထားတဲ့ ငွေဒဏ် ၁ သောင်းထပ်ပိုပြီး ဒဏ်ရိုက်တာ၊ အုပ်ချုပ်ရေးနဲ့ စစ်ကောင်စီဘက်က ရုံးခန်းခေါ်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ 

၂၀၂၃ ဧပြီလမှာ စတင်ပြီး မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံရှိ ရပ်ကွက်တွေမှာ နေအိမ်တွေမှာ ဧည့်စာရင်းရေးရာက ရုံးခန်းပြောင်းပြ စစ်ကောင်စီရဲ ၂ ဦးစီ လက်နက်အပြည့်အစုံနဲ့ အလှည့်ကျလုံခြုံရေးယူနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013