Homeမြန်မာသတင်း အင်းစိန်ဆေးရုံတွင် ဆေးကုသနေသည့် နိုင်ငံရေးအကျဉ်းသားအပါအဝင် ၂ ဦးကို ရဲမှူးက ရိုက်နှက်
အင်းစိန်ဆေးရုံတွင် ဆေးကုသနေသည့် နိုင်ငံရေးအကျဉ်းသားအပါအဝင် ၂ ဦးကို ရဲမှူးက ရိုက်နှက်
ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံက အကျဉ်းသားဆေးကုသဆောင် (Guard Ward) မှာ ဆေးကုသမှုခံယူနေတဲ့ နာတာရှည်ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသားတယောက်အပါအဝင် အကျဉ်းသား ၂ ယောက်ကို အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက ကိုယ်ထိလက်ရောက် ရိုက်နှက်ကန်ကျောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၂ ရက်က အင်းစိန်ဆေးရုံမှာ ခါးနာနဲ့ အာရုံကြောညှပ်ဝေဒနာကြောင့် ဆေးကုသမှုခံယူနေတဲ့ အသက် ၃၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတယောက်ဆီကို အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်း ရောက်ရှိလာပြီး နိုင်ကျဉ်းကို ဘယ်ကလဲလို့ မေးမြန်းရာ ရန်ကုန်ကလို့ ဖြေကြားတာကြောင့် ဆဲဆိုကြိမ်းမောင်းပြီး မျက်နှာကို ရိုက်နှက်ခဲ့သလို နာတာရှည်ဝေဒနာ ခံစားနေရတဲ့ ခါးကိုလည်း ကန်ကျောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် အသက် ၆၂ နှစ်အရွယ် အခြားအကျဉ်းသားတယောက်ကိုလည်း ထပ်မံရိုက်နှက်ကန်ကျောက်ခဲ့တာကြောင့် အဲဒီအကျဉ်းသားမှာ ကြမ်းပြင်ပေါ်ကို လဲကျသွားပြီး ပြန်မထနိုင်တဲ့ အခြေအနေထိ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
“မင်းတို့ ဘာကောင်ဖြစ်ဖြစ် ကုတ်ချိုးသတ်လို့ရတယ်” လို့ ရဲမှူးသိန်းဝင်းက ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အပြင် လူနာရဲ့ အဝတ်အစား၊ အစားအသောက်နဲ့ ဆေးဝါးတွေကို သိမ်းဆည်းဖို့ အမိန့်ပေးခဲ့သလို တခြားလူနာတွေအတွက် မိသားစုဝင်တွေဆီက ပေးပို့တဲ့ ဆေးဝါးနဲ့ စားစရာတွေကိုလည်း ပိတ်ပင်ခဲ့တာကြောင့် လူနာတွေအတွက် ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
အခုလို ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားမှာ ပုဒ်မ ၅၀ (ဈ) နဲ့ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ကျခံနေရသူဖြစ်ပြီး ဆေးရုံတက်နေစဉ်အတွင်းမှာလည်း စည်းကမ်းဖောက်ဖျက်မှုမှမရှိဘဲ ကောင်းမွန်စွာ နေထိုင်ခဲ့သူဖြစ်ကြောင်း Guard Ward ရှိ ဝန်ထမ်းတွေ သိရှိတယ်လို့လည်း နိုင်ငံရးအကျဉ်းသားတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
လက်ရှိမှာတော့ ရဲမှူးသိန်းဝင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ဥပဒေမဲ့ ပြုမူမှုများအပေါ် ထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအသီးသီးကို စာပေးပို့ တိုင်ကြားထားတယ်လို့ သိရပါတယ်။