
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၃ ရွာအပြင် တောထဲက စစ်ရှောင်တဲတွေကို စစ်တပ်နဲ့ပျူစောထီးတွေက ဧပြီ ၂၉ ရက်က မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက "ပဇီကြီးရွာတိုက်ခိုက်ခံရအောင် စစ်တပ်ကို သတင်းပေးတဲ့ ၄ ယောက် ဖမ်းမိပြီးနောက် ရွာတွေကို စစ်သားတွေနဲ့ ပျူတွေက မီးလိုက်ရှို့နေကြတာ" လို့ ပြောပါတယ်။
ဧပြီ ၂၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က သရက်ခေါင်းရွာကို ခမရ-၃၆၈နဲ့ ပျူ စောထီးတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။
ညနေ ၅ နာရီ ၅၀ မိနစ်မှာ ပဇီကြီးရွာတောင်ဘက်ရှိ ကန်ကြီးတောတိုက်က တဲအလုံး ၂၀ မီးရှို့ဖျက်ဆီးသွားပြီး ည ၈ နာရီ ၂၀ မိနစ်လောက်မှာလည်း မလည်တိုက်နယ်က လေးတွင်းစဉ်ရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသား ၂ ဦး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၈ ရက် ညနေက ကျေးရွာနဲ့ ၃ မိုင်ခန့်ကွာဝေးတဲ့ စစ်ကောင်စီလက်အောက်ခံပျူစောထီးကျေးရွာ ကြံသာရွာကနေ တင်သားကျေးရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာလို့ ဆိုပါတယ်။
"ကြံသာကနေ လက်နက်ကြီးနဲ့ အမြဲပစ်နေကြပါ။ ရွာမှာ PDF တွေ ရှိတယ်အထင်နဲ့ပစ်တာနေမယ်။ အခုလက်နက်ကြီးက အမှတ် ၆ က ကိုအောင်ဆန်းလင်းတို့ အိမ်ကျတာ။ သူ့ယောက်ဖနဲ့ သူဒဏ်ရာရကြတယ်။ ကလေးဆေးရုံမှာဆေးရုံတင်ထားရတယ်" လို့ တင်သားရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် တင်သားရွာသားအချို့ ကျေးရွာအတွင်း မနေရဲကြတော့တဲ့ အခြားကျေးရွာတွေဘက် တိမ်းရှောင်ခဲ့ကြရသေးတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဧပြီ ၂၈ ရက် မနက် ၉ နာရီလောက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ညောင်ပင်ခံရွာ အရှေ့တောင်ဘက်အကျော် ဇီးတောရွာအဝင်မှာ မနက် ၉ နာရီလောက်က စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၆၀ (မမ) လက်နက်ကြီးတွေ၊ မိုင်းတွေနဲ့ စတင် တိုက်ခိုက်ခဲ့တာလို့ Chindwin Brothers တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ညနေ ၅ နာရီလောက်မှာတော့ အကြမ်းဖက်စစ်ကောင် စီစစ်ကြောင်း နမခ ကို ဝင်ရောက်ချိန် ဖန်ခါးကျင်းကျေးရွာ နဲ့ မီတာ ၁၅၀၀ အကွာကနေ ဒေသခံကာကွယ်ရေးတပ်တွေ စုပေါင်းကာ ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
Chindwin Brothers Drone တပ်ဖွဲ့နဲ့ ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် Anonymous Heros အဖွဲ့တို့စုပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းတွေနဲ့ ကင်းထောက်စောင့်ကြည့်ခဲ့ပြီး ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။