DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းနှင့်ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
April 30, 2023
သပိတ်ကျင်းနှင့်ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နီကယ်စက်ရုံကနေ တကောင်းဘက်ဆင်းလာတဲ့ စစ်ကောင်စီတပ်စစ်သားတွေ လိုက်ပါလာတဲ့ ကားကို ဧပြီ ၂၉ ရက်က မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တကောင်းပကဖ က သိရပါတယ်။ 

စစ်ကောင်စီတပ်စစ်သား ၅၀ ကျော်လိုက်ပါလာတဲ့ တွဲကားအနီတစ်စီးကို မြနန္ဒာအနီးမှာ နေ့လယ် ၁ နာရီဝန်းကျင်က ရှေ့ထွက်မိုင်း ၅ လုံး၊ ပဒေသာမိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မတောင်အကျော်နားမှာ မိုင်း ၂ လုံးနဲ့ ထပ်မံဖောက်ခွဲတိက်ခိုက်ခဲ့တယ်လို့ တကောင်းပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

"၁၅ ယောက်လောက်သေကြတယ်လို့ပြောနေတာ။ ကားကတော့ဘေးဖရိန်ပဲထိတာမို့ ကားကသွားလို့ရတယ်၊ တော်တော်တော့ စုတ်ပြတ်သွားတာ။ ကားပေါ်ကစစ်သားတွေက ပြန်ကိုမပစ်နိုင်ဘူး၊ ဆဲဆိုသွားတယ်။"

စစ်ကောင်စီတပ်စစ်သားတွေ လိုက်ပါလာတဲ့ကား မိုင်းနှစ်ကြိမ်ဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၅ ယောက်လောက် သေဆုံးတယ်လို့ သိရပြီး ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ 

သပိတ်ကျင်းမြို့နယ်အတွင်း သတ်မှတ်ချိန်ကျော်လွန်ပြီး ကားလမ်းအသုံးပြုတာ၊ မိုးကာအုပ်တာ၊ ၃ စီး ကားတန်းသွားလာတာ၊ ကားပေါ်မှာ ကုန်ပစ္စည်းတခုမှမပါဘဲလာတာ စတာတွေ မပြုလုပ်ဖို့  တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတိပေးထားပါတယ်။

မကွေးတိုင်း  ပေါက်မြို့နယ်၊ မန်ကျည်းဂုဏ်ကုန်းရွာအနောက်ဘက်‌ တောထဲမှာ တပ်ဖျောက်ထား တဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဧပြီ ၂၈ ရက်မှာ Drone နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Anonymous Special Task Force -Pauk အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက  ပြောပါတယ်။

ဧပြီ ၂၅ ရက်ကစပြီး မန်ကျည်းဂုဏ်ကုန်းရွာအနောက်ဘက် တောထဲမှာ တပ်ဖျောက်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၂၈ မှာ မန်ကျည်းဂုဏ်ကုန်းရွာ မြောက်ဘက်တောထဲမှာ ပြန်လည် တွေ့ရှိခဲ့တဲ့အတွက်ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Anonymous Special Task Force -Pauk က ပြောရေးဆိုခွင့်ရှိသူက "ဒီကောင်တွေထဲက ၁ ကောင် သေတယ်။ နောက်ထပ် ၁ ကောင်က ဒဏ်ရာ ပြင်းထန်ရတယ်" လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ပေါက်မြို့နယ်ထဲကို စစ်ကြောင်းဝင်လာစဥ် ဖလံကိုင်းရွာက ရွာသား ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီး ဖလံကိုင်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲ သွားခဲ့သေးတယ်လို့ ဆိုပါတယ်။

Anonymous Special Task Force -Pauk က ပြောရေးဆိုခွင့်ရှိသူက "ဒီကောင်တွေက ဖလံကိုင်းရွာကိုလည်း မွှေတယ်။ ရွာသား ၃ ဦးလည်း ဖမ်းသွားတယ်၊ အခုတော့ ၃ ဦးလုံး ပြန်လွတ်လာပြီ။ စစ်ကောင်စီ သေဆုံး ဒဏ်ရာရတာကိုလည်း သူတို့ပဲပြောပြခဲ့တာပါ" လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ညောင်စင်ရွာရဲ့ အရှေ့တောင်ဘက်တောထဲမှာ တပ်စွဲနေတယ်လို့ သိရပြီး လှုပ်ရှားမှုကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ကျေးရွာနေလူထုကို လည်း စစ်ကောင်စီစစ်ကြောင်း နားမသွားဖို့ မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013