DVB Logo
Home
မြန်မာသတင်း
ရေနံချောင်း နှင့် မြိုင်မြို့နယ်တို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေ
DVB
·
April 30, 2023
ရေနံချောင်း နှင့် မြိုင်မြို့နယ်တို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေ
Donate to DVB

မကွေးတိုင်း ရေနံချောင်းနဲ့ မြိုင်မြို့နယ်တွေမှာ ဒီဇယ်စျေးနှုန်းမြင့်တက်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်နေလို့ သောက်သုံးရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ရေနံ့သာဒင်းဂါးညီနောင်များ အဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။

ရေနံချောင်းမြို့နယ်က ကျေးရွာတွေမှာ ရေကန်တွေ ခန်းခြောက်ကုန်သလို စက်ရေတွင်းတွေ မောင်းမယ်ဆိုရင်လည်း ဒီဇယ်စျေးကြီးလို့ ရေကို ချွေတာသုံးစွဲနေရပြီး သောက်သုံးရေအရှားပါးဆုံး ကျေးရွာတွေကတော့ ယင်းမကျင်းနဲ့ ဗူးကုန်းကျေးရွာတွေဖြစ်တယ်လို့ သောက်သုံးရေ လှူဒါန်းပေးနေတဲ့ ရေနံ့သာဒင်းဂါးညီနောင်များအဖွဲ့ရဲ့ ဦးဆောင်သူ ကိုဒင်းဂါးက ဒီဗွီဘီကို ပြောပါတယ်။

“ဗူးကုန်းကျေးရွာက ရေအရှားပါဆုံးဖြစ်ပြီး လတ်တလောအခြေနေမှာ ပရဟိတအဖွဲ့တွေက သွားသွားလှူပေးတယ်ဗျ။ သူတို့ရွာက ရေတွင်းရှိပေမယ့် ရေတွင်းက ဒီဇယ် ၅၀,၀၀၀ ကျပ်ဖိုး လောက်မောင်းမှ ရေ ၁၀ ပေပါလောက်ထွက်တာဆိုတော့ တပေပါကို ၅,၀၀၀ ကျပ်နှုန်းနဲ့ သုံးနေရတယ်။ နဂိုကမှဝင်ငွေကမရှိ၊ အခြေနေကမကောင်း ရေဖိုးနဲ့တင် မတရားကုန်နေတော့ သူတို့ဒုက္ခရောက်တာပေါ့။ အဓိက ၂ လပိုင်းကနေ မိုးမရွာမချင်းရှားမှာပဲဗျ။ မိုးရွာပြီး ကန်ရေဝင်မှသာ သောက်သုံးရေက ပေါလာမှာ။” 

နဂိုက အဲဒီရေကန်ဟာ ၁၂ ရာသီရေနေပြီး သက်ဆိုင်ရာက ရေကန်ကိုလာပြင်ပေးပြီးမှ ရေကန်ကြီး တိမ်ကောသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

ရေနံချောင်းမြို့နယ်က ဆိတ်အမွေးမြူဆုံးရွာဖြစ်တဲ့ ယင်းမချောင်းရွာမှာတော့ စက်ရေတွင်း ၄ တွင်းလောက် ရှိပေမယ် ရေတစည်ကို ၁၀၀၀ ကျပ်လောက်နဲ့ ဝယ်ယူသုံးစွဲနေရကာ ဗူးကုန်းကျေးရွာလောက်တော့ မဆိုးသေးဘူးလို့ ပြောပါတယ်။

အဲဒါကြောင့်မို့ ဗူးကုန်းကျေးရွာက သူတို့ရွာမှာရှိတဲ့ စက်ရေတွင်းကို မမောင်းတော့ဘဲ အသွားအပြန် ၄ မိုင်လောက် ဝေးတဲ့ရွာမှာ ရေတစည်ကို ၂၀၀ ကျပ်နှုန်းပေးပြီး လှည်းနဲ့သွားတိုက်ကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့အဖွဲ့က နှစ်ဆန်း ၁ ရက်နေမှာ ဒီဇယ်ဖိုး ၅၀,၀၀၀ ကျပ် ပေးလှူကာ စက်ရေတွင်းကို ခုတ်မောင်းခိုင်းပေမယ့် ၁၀ စည်လောက်သာ ထွက်တဲ့အတွက် နောက်ထပ် ၂ ရက်လောက်နေရင် အဲဒီရွာမှာ ၁၂ ရာသီ ရေသိုလှောင်နိုင်အောင် ကျနော်တို့အဖွဲ့က ကန်အနက်ကြီးတူးပေးသွားမယ်” လို့ ကိုဒင်းဂါးက ပြောပါတယ်။

ရေနံချောင်မြို့နယ်က ကျေးရွာတွေမှာ ၂ လက်မ စက်ရေတွင်းတွေ များပြားပြီး ဒီဇယ်ကုန်တာနဲ့ မကာမိတဲ့အတွက် ၄ လက်မ စက်ရေတွင်းတွေ တူးဖော်မှသာ အဆင်ပြေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာတော့ ပခုက္ကူမြို့နယ် ကျွန်းချောင်း လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေးဌာနကနေ မီးပျက်နေတာ ၇ ရက်လောက်ရှိပြီဖြစ်လို့ လျှပ်စစ်ဓာတ်အားကို အသုံးပြုနေတဲ့ ကျေးရွာမှန်သမျှ သောက်သုံးရေရှားပါးတဲ့ အခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြိုင်မြို့နယ် မြောက်ပိုင်းဇုန် ဒေသခံတယောက်က ပြောပါတယ်။

လတ်တလောအခြေနေမှာတော့ သောက်သုံးရေရရှိအောင် ဘယ်အဖွဲ့စည်းကမှ ကူညီဖြေရှင်းပေးတာမျိုးမရှိဘဲ သဘာဝရေတွင်းရေကန်တွေက ရေတွေကိုပဲ သုံးစွဲနေကြရတယ်လို့ ဆိုပါတယ်။

ပုံမှန်လျှပ်စစ်မီးလာနေတဲ့ အခြေနေမှာလည်း မြိုင်မြို့နယ်အတွင်းက ကျုတ်ကုန်းရွာ၊ မကျည်းကုန်းရွာတွေမှာ သောက်သုံးရေရှားပါးတဲ့အတွက် သွားရောက်လှူဒါန်းရတာတွေ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းရပ်ဝန်းဖြစ်တာကြောင့် နွေရာသီကာလမှာ နှစ်စဥ် သောက်သုံးရေကန်တွေ ခန်းခြောက်ပြီး ရေရှားပါမှုပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေနေရလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့အစိုးရလက်ထက်မှာ စက်ရေတွင်းတွေ အများအပြားတူးဖော်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013