တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ယာယီဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတဲ့ ကားလမ်းတွေကို ဧပြီ ၂၉ ရက် ဒီနေ့ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပေးလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတ် ၂၈ ရက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ မြိတ်-တနင်္သာရီ-ဘုတ်ပြင်းကားလမ်းရှိ ပြည်ထောင်စုလမ်းမနဲ့ ထုံခါ-မောတောင် ကားလမ်းရှိ နယ်စပ်ကုန်သွယ်ရေးတို့ကို ဧပြီ ၁ ရက်မှာ တော်လှန်ရေးအင်အားစုတွေကနေ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ပင်လိုက်တာပါ။
ခရီးသွားပြည်သူတဦးက “ပုံမှန်သွားလာနေတဲ့ ကားလမ်းတွေပြန်ဖွင့်တော့ ခရီးသွားပြည်သူအတွက် အဆင်ပြေစေတာပေါ့။ ရေလမ်းခရီးလို အချိန်ကြန့်ကြာတာမျိုးမရှိဘူးလေ။ သူတို့သတ်မှတ်ထားတဲ့အတိုင်း သွားလာဖို့ကလည်း အရေးကြီးပါတယ်" လို့ ပြောပါတယ်။
အဆိုပါကားလမ်းမတွေကို ပြန်လည်ဖြတ်သန်းခွင့်ပြုထားပေမဲ့ ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၅ နာရီကနေ ညနေ ၇ နာရီအထိသာ သွားလာကြဖို့၊ စစ်ကောင်စီရဲ့ ဂိတ်စခန်းအနီးကနေ သွားလာတာမလုပ်ဖို့နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လက်နက် ခဲယမ်းတွေကို တင်ဆောင် လာတာတွေ မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ခရီးသွားပြည်သူတွေအနေနဲ့ လုံခြုံရေးအရ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆေးဆောင်ရွက်မှုတွေကို လိုက်နာပေးကြဖို့ကိုလည်း သတိပေးထားပါတယ်။
ဧပြီ ၂၆ ရက်ကလည်း မြိတ်-မောတောင်ကားလမ်းမပေါ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် မြိတ်-မောတောင်ကားလမ်းမတလျှောက် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေ ဒီနေ့အထိ နေရပ်မပြန်နိင်ကြသေးဘူးလို့ သိရပါတယ်။