
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မိုးကြီးတာကြောင့် လားရှိုး-မိုင်းယော်ကားလမ်း မဲလုံးတံတား ရေကြီးရေလျှံနေပြီး ဒီနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ ဖြတ်သန်းသွားလာ မရတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ အေတီချောင်းရေတက်လာတာကနေ ဩဂုတ် ၅ ရက်နဲ့ ၆ ရက်တွေမှာ ရေကြီးရေလျှံတာ ပိုဆိုးလာတာကြောင့် လယ်ယာမြေတွေ ရေနစ်မြုပ်သွားသလို အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်ရောက်နေပြီလို့ ဆိုပါတယ်။
လားရှိုးမြို့ဒေသခံတယောက်က “မိုးကြီးနေတာဗျာ။ ရပ်ကွက် ၇၊ ရပ်ကွက် ၁၂ တချို့နေအိမ်တွေ ရေဝင်ပြီ။ လားရှိုး-မိုင်းယော်လမ်းပေါ်မှာ ကားတွေ ဆိုင်ကယ်တွေ သွားလို့မရတော့ဘူး။ တချို့တော့ ပြောင်းရွှေ့ကုန်ပြီ” လို့ DVB ကိုပြောပါတယ်။
၁၊ ၇၊ ၉၊ ၁၁၊ ၁၂ ရပ်ကွက်တွေ၊ အနိမ့်ပိုင်းနေရာတွေနဲ့ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ နမ့်ပေါင်ကျေးရွာတွေမှာ ရေကြီးနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အိမ်ထဲ ရေဝင်နေပြီ။ တချို့က ချိုင့်ခွက်နေရာမှာ အိမ်သွားဆောက်တော့ ရေဝင်ပြီပေါ့။ မိုးက ရွာတာများတော့ ရေဝင်တာ။ တချို့ရပ်ကွက်တွေကတော့ အေတီချောင်းရေ တက်လာလို့ ရေဝင်လာတာ” လို့ ပြောပါတယ်။
ရေကြီးရေလျှံနေတာကြောင့် တာပုံဘက်သွားတဲ့လမ်းကို ကြိုးနဲ့တားထားလိုက်ပြီ ဖြစ်သလို ကိုးကန့်ထိန်းချုပ် နမ့်ပေါင်ရွာမှာတော့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေကြရတယ်လို့ သိရပါတယ်။










