
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ပင်လယ်ပြင်မှာ ဧပြီ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ အယောက် ၇၀ ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးကနေ ဧပြီ ၂၄ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်နေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီလက်အောက်ခံ ငပုတောမြို့နယ် တရားရုံးကနေ မှတ်ပုံတင်အက်ဥပဒေပုဒ်မ ၆၃ (က)နဲ့ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ ခုက တရားရုံးတင်တာနဲ့ တန်းအမိန့်ချလိုက်တာ၊ အရင်ကဆို ရုံးချိန်း ပြန်ချိန်းတာတွေရှိတယ်၊ ခုက ဘာမှဖြေရှင်းခွင့်မပေးတော့ဘဲ တန်းချတဲ့သဘောမျိုးတော့ ဖြစ်သွားတာပေါ့။ သူတို့ကို လိုက်ပို့တဲ့ ပွဲစားနဲ့ စက်လှေသမားတွေတော့ အမိန့်မချသေးဘူး”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာတွေထဲမှာ အသက် ၁၈ နှစ်အပြည့်သေးတဲ့ အမျိုးသား ၂၆ ဦးကို ငှက်အော်စမ်းလူငယ်လေ့ကျင်ရေးစခန်းကို ပို့ဆောင်ပြီး အသက် ၇ နှစ်အောက် ကလေး ၂ ဦးကိုတော့ ပုသိမ်မြို့မှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနကို အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။
ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတဲ့ ရိုဟင်ဂျာ ၄၂ ဦးကိုတော့ ဧပြီလ ၂၅ ရက်မှာ ငပုတောမြို့နယ်က နေ ပုသိမ်အကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို ခေါ်ဆောင်လာတဲ့ ပွဲစားနဲ့ စက်လှေမောင်းသူ စုစုပေါင်း ၇ ဦး ကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လူကုန်ကူးမှုပုဒ်မနဲ့အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။