DVB Logo
Home
Lead Story
ကိုယ့်တံတွေးနဲ့ အန်ဖတ်ကို အကြိမ်ကြိမ်ပြန်မျိုချတဲ့ မုသားကျွန် မင်းအောင်လှိုင်ရဲ့ အကုသိုလ်သမုဒ္ဒရာ
DVB
·
April 29, 2023
ကိုယ့်တံတွေးနဲ့ အန်ဖတ်ကို အကြိမ်ကြိမ်ပြန်မျိုချတဲ့ မုသားကျွန် မင်းအောင်လှိုင်ရဲ့ အကုသိုလ်သမုဒ္ဒရာ
Donate to DVB

ရာထူးအာဏာစည်းစိမ်ဥစ္စာအတွက် သမ္မတရူးနေတဲ့ စစ်ဓားပြဂိုဏ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ “ကျနော်မလုပ်ရဲတာ ဘာမှမရှိဘူး” လို့ လူပုံအလယ်မှာ မရှက်မကြောက် ပြောခဲ့ဖူးတာကို ပြည်သူလူထု မှတ်မိကြအုံးမှာပါ။ ဒီမိစ္ဆာယုတ်ဟာ အရှက်အကြောက်တင်မဲ့တာ မဟုတ်ဘဲ လိမ်ညာမုသားတွေလည်း အထပ်ထပ်ပြောခဲ့ဆိုခဲ့တာဟာ အခုဆို အခုဘဝနဲ့ သံသရာတလျှောက်လုံးမှာ သမုဒ္ဒရာတစင်းမက ရှိလောက်ပါပြီ။

ကိုယ်ထွေးပြီးသားတံတွေးကို ပြန်မျိုချသလိုမျိုး၊ ကိုယ်အန်ထားတဲ့ အန်ဖတ်တွေ ပြန်ဟပ်သလိုမျိုး ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အပြုအမူ အပြောအဆို ကတိပျက်မှုတွေ၊ အလိမ်အညာ မုသားစကားတွေကို ဖက်ဆစ်တပ်ရဲ့ခေါင်းဆောင် ပြည်သူသတ် မိစ္ဆာရူးဟာ ပြောဆို ကျူးလွန်ခဲ့သမျှတွေထဲက အများပြည်သူတွေ အော့ကြောလန်ရတဲ့ အောက်ပါမုသားစကားတချို့ကို ဒီဆောင်းပါးမှာ ပြန်လည်ဖော်ပြပေးချင်ပါတယ်။

၁။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး မတိုင်ခင် အင်တာဗျူးတဲ့အခါတုန်းက ရွေးကောက်ပွဲရလဒ်ကို တပ်မတော်အနေနဲ့ လေးစားလိုက်နာမယ်၊ အတိုက်အခံပါတီတွေ နိုင်ခဲ့ရင်လည်း အဲ့ဒီရွေးကောက်ပွဲရဲ့ရလဒ်နဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးမှ ဗြောင်ကျကျ ကတိဖျက် အာဏာလုခဲ့တာဟာ ကမ္ဘာသိ လိမ်ညာမုသားဆိုခဲ့တာပဲ ဖြစ်ပါတယ်။ 

၂။ နောက်ထပ်လိမ်ညာမုသားဆိုခဲ့တာကတော့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် မေးမြန်းတဲ့ အင်တာဗျူးတွေမှာ ဝမ်းတွင်းသမ္မတရူး မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတဖြစ်ချင်တဲ့ဆန္ဒရှိ၊ မရှိ မေးမြန်းတာကို အဖြေပေးဖို့ စောသေးတယ်၊ အခြေအနေအပေါ် မူတည်ကြောင်း ဘာညာနဲ့ ဟန်ဆောင်လိမ်ညာဖုံးကွယ်ခဲ့ပေမဲ့ BBC နဲ့ အင်တာဗျူးမှာတော့ “တပ်မတော်သား တယောက်ရဲ့ တာဝန်ဟာ တိုင်းပြည်ဝန်ကိုထမ်းဖို့ပဲ ဖြစ်တယ်၊ ဘယ်လိုတာဝန်မျိုးပဲ ဖြစ်ဖြစ်ပေါ့” ဟု ဖြေကြားခဲ့တာဟာ သူထမ်းချင်တဲ့တာဝန်က ပြည်သူလူထုက မအပ်နှင်းလိုတဲ့ သမ္မတရာထူးဆိုတာကို ဖုံးကွယ်လိမ်ညာခဲ့တာပဲ ဖြစ်ပါတယ်။

၃။ အဲ့ဒီနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် တနင်္လာနေ့မှာ လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာ လုယူခဲ့တုန်းကလည်း ပြည်သူလူထုရဲ့ အသဲကြားက မဲပြားတွေနဲ့ ရွေးချယ်ဆုံးဖြတ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲရလဒ်ကို အထောက်အထားမရှိ၊ ခိုင်လုံမှုမရှိဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်တဲ့ မဲစာရင်းမှားယွင်းမှုကြီးလို့ အကြောင်းပြ စွပ်စွဲခဲ့တာကလည်း မင်းအောင်လှိုင်နဲ့ စစ်ဓားပြတပ်ရဲ့ အာဏာငန်းဖမ်းမှုဆင်သေကို ဆိတ်သားရေနဲ့ ဖုံးကွယ်လို့ လိမ်ညာမုသားဆိုခဲ့ခြင်း ဖြစ်ပါတယ်။

၄။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၄ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေးနေ့ အထိမ်းအမှတ်အတွက် ကျင်းပခဲ့တဲ့ အခမ်းအနားမှာ လူ့အခွင့်ရေးကို လေးစားလိုက်နာ ကျင့်သုံးသည့် လူ့အဖွဲ့စည်းတရပ် ဖြစ်ထွန်းလာရေးအတွက် သက်ဆိုင်သူ အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တနိုင်ငံလုံးက ပြည်သူလူထုကို ဥပဒေမဲ့ သတ်ဖြတ်မီးရှို့ ဓားပြတိုက်နေတဲ့ မိစ္ဆာရူးမင်းအောင်လှိုင်က ပြောကြားခဲ့ဝာာ ဖြစ်ပါတယ်။

၅။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကျင်းပတဲ့ မွန်ပြည်နယ် တရားလွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်”၊ “ဥပဒေအထက်တွင် မည်သူမျှမရှိစေရ” လို့ ဆိုတဲ့အတိုင်း အဘက်ဘက်က မှန်ကန်တိကျပြီး တရားမျှတမှုရှိတဲ့ စီရင်ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ကြဖို့ တရားမဲ့အာဏာလုခေါင်း‌ဆောင် မင်းအောင်လှိုင်  တရားစကား မုသားပြောကြားခဲ့တာ ဖြစ်ပါတယ်။

၆။ အခုနောက်ဆုံး ပြည်သူရှေ့မှောက်မှာ ယိုသူမရှက် မြင်သူရှက်ရလောက်အောင် အရှက်မဲ့စွာပြောခဲ့တဲ့ မုသားစကားကတော့ ခရစ်သက္ကရာဇ် ၂၀၂၃ ဧပြီလ ၁၇ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့တုန်းက ဖြစ်ပါတယ်။ ယခင်နှစ်တွေတုန်းက နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းတွေ ရှိခဲ့ပေမဲ့လည်း အခုနှစ်အတွင်း ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်လာကြောင့် နိုင်ငံရဲ့စီးပွားရေးဟာ အနုတ်လက္ခဏာကနေ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ကြောင်း မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူးနေ့မှာတောင် မုသားအပြည့်နဲ့ လိမ်ညာပြောဆိုရဲသူ ဖြစ်ပါတယ်။

အများရှေ့မှောက်တွင် လိမ်ညာ မုသားဆိုဝံ့သူ၊ မလုပ်ရဲတဲ့ အကုသိုလ်ဟူ၍ မရှိလို့ ဆိုထားတာကြောင့် မုသာဝါဒကံ မလုံခြုံတဲ့ မိစ္ဆာရူးမအလဟာ ဘယ်လိုအကုသိုလ်ပြစ်မှု ရာဇဝတ်မှုမျိုးကိုမဆို အလွယ်တကူ လွန်ကျူးမှာဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ ဒီဃနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်ထဲမှာ…

“ချစ်သား ရာဟုလာ မုသား ‘သိလျက် ချွတ်ယွင်းသော’ စကားကို ပြောဆိုရာ၌ အရှက်မရှိသော မည်သည့်ရဟန်းအားမဆို မပြုလုပ်ဝံ့သော အကုသိုလ်မကောင်းမှုသည်လည်း တစုံတခုမျှ မရှိပြီဟူ၍ ငါဟော၏၊ ရာဟုလာ ထို့ကြောင့် ဤမုသာဝါဒ၌ ‘ရယ်ရွှင်မြူးထူးလို၍မျှလည်း ချွတ်ယွင်းသော စကားကို မဆိုအံ့’ ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

‘သိလျက် ချွတ်ယွင်းသော’ စကားကို ပြောဆိုရာ၌အရှက်မရှိသော မည်သည့်ရဟန်းအားမဆို မပြုလုပ်ဝံ့သော အကုသိုလ်မကောင်းမှုသည်လည်း တစုံတခုမျှ မရှိပြီဟူ၍ ငါဟော၏၊ ရာဟုလာ ထို့ကြောင့် ဤမုသာဝါဒ၌ ‘ရယ်ရွှင်မြူးထူးလို၍မျှလည်း ချွတ်ယွင်းသောစကားကို မဆိုအံ့’” လို့ ဆုံးမတော်မူခဲ့ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် လူဘုံအလယ်မှာ ဟီရိဩတ္တပ္ပကင်းမဲ့စွာ အဓမ္မဝါဒီ စစ်ဓားပြ သူယုတ်မင်း‌အောင်လှိုင် ပါးစပ်က အခုလို အလေနတော ပိန်ဖျင်းတဲ့စကားဆိုတာဟာ ရည်ရွယ်ချက် ၂ ခု ရှိလိမ့်မယ်။

၁။ မျက်စိပိတ် နားပိတ် အသိဉာဏ်မဲ့ အဓမ္မဘက်သား ၅ ရာခိုင်နှုန်းတောင် မကျန်တော့လောက်တဲ့ စစ်ဓားပြတပ်သစ္စာခံ လူဖျင်းလူမိုက်လူအန္ဓ သင်္ကန်းရုံအန္ဓပုထုဇဉ်တွေကို ဆက်ပြီး အဆိပ်သွင်းမှိုင်းတိုက်ဖို့၊

၂။ မဟုတ်မှန်တာ ကြားရမြင်ရရင် ဓမ္မဘက်သား ပြည်သူ ၉၅ ရာခိုင်နှုန်းကို စိတ်ဆိုးစိတ်ပျက် အကုသိုလ်ဖြစ်အောင် တမင်‌ပြောဆိုလုပ်နေတာပဲ ဖြစ်ပါတယ်။

ထွေးပြီးသားတံတွေးနဲ့ အန်ဖတ်တွေ ခဏခဏ ပြန်ဟပ်နေတဲ့ အယုတ်တမာသတ္တဝါဟာ မတည်နိုင်တဲ့ကတိတွေ အထပ်ထပ်ပေး၊ မဟုတ်မမှန်တာတွေ လိမ်ညာမုသားဆိုရင်း ဘဝမဆုံးခင်ကတည်းက အပုပ်နံ့တထောင်းထောင်းနဲ့ အဆင့်တန်းရှိတဲ့ ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းထဲ မဝင်ဆံ့ယုံမက မုသားရဲ့‌ကျေးကျွန်ဘဝနဲ့ အကုသိုလ်သမုဒ္ဒရာထဲ နစ်သထက်နစ်ရင်း စုံးစုံးမြုပ်လို့ အမိုက်ဇာတ်သိမ်းရဖို့ကလွဲပြီး အခြားမရှိပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013