DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီပွဲမတက်လျှင် ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်နေ
DVB
·
April 28, 2023
အကယ်ဒမီပွဲမတက်လျှင် ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်နေ
Donate to DVB

စစ်ကောင်စီလက်ထက်မှာ ၃ နှစ်စာပေါင်းပြီး ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို အနုပညာရှင်တွေအားလုံး မဖြစ်မနေတက်ရောက်ဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။

အကယ်ဒမီပွဲတက်ဖို့ ဖိအားပေး စည်းရုံးတာတွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို ပွဲမတက်ရင် ပြန်ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ လှုံ့ဆော် ရေးသားနေပါတယ်။

အခုလိုမျိုး အနုပညာရှင်တွေကို အတင်းအကျပ် ဖိအားပေးတာ၊ အကယ်ဒမီပွဲ မတက်ရုံနဲ့ ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေဟာ အနုပညာရှင်တွေကို အကြောက်တရား ရိုက်သွင်းတာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက “အနုပညာရှင်တွေ ဆိုတာကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေဘက်ကနေ နာကျင်ကြေကွဲမှုကိုပြတဲ့ အမည်းရောင်ပရိုဖိုင်တွေ ချိန်းတဲ့အခါမှာလည်း ဖမ်းဆီးတယ်။ ဖမ်းဆီးဖို့လည်း လှုံ့ဆော်ကြတယ်။ ပြည်သူတွေကိုလည်း သူတို့ မရတော့တဲ့နောက်ဆုံး အကြောက်တရားနဲ့ ဖိနှိပ်ကြတယ်။ ဒီအကယ်ဒမီပေးပွဲမှာလည်း ဒီလိုပါပဲ။ အနုပညာရှင်တွေကို လာရင်လာ၊ မလာရင် ဖမ်းဆီးမယ်။ ဒီထဲမှ ခံဝန်ထိုးထားတဲ့သူတွေကိုလည်း ခံဝန်ထိုးထားတာ ဖြစ်တဲ့အတွက် လာရင်လာ၊ မလာရင် ခံဝန်ထိုးထားတယ်ဆိုတဲ့ပုံစံနဲ့ ဖမ်းဆီးမယ်ဆိုတော့ အကြောက်တရားကို ရိုက်သွင်းတာပါပဲ။ ဒီလိုမျိုး အကြောက်တရား ခြိမ်းခြောက်မှုတွေနဲ့ တဖက်က ခြိမ်းခြောက်သလို ဒီလိုမျိုး အကြောက်တရားဝင်အောင်လည်း စစ်ကောင်စီ လက်အောက်ခံ တယ်လီဂရမ်ချန်နယ် အမျိုးမျိုးကနေ လှုံ့ဆော်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီလုပ်မယ့် အကယ်ဒမီပွဲကို ပြည်သူတွေ ကြည့်ရှုအားပေးတာမလုပ်ဘဲ သပိတ်မှောက်ဖို့ နှိုးဆော်ထားပြီး စစ်ကောင်စီဝါဒဖြန့် တီဗွီရုပ်သံလိုင်းတွေကို မကြည့်ကြဖို့၊ စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်တွေကို လူမှုရေးပြစ်ဒဏ် ထိထိရောက်ရောက်ပေးဖို့ တောင်းဆိုထားပါတယ်။

တော်လှန်ရေးနယ်မြေမှာ ရောက်ရှိနေတဲ့ ဒါရိုက်တာ သွန်းနေစိုးကတော့ စစ်ကောင်စီက အကယ်ဒမီပေးပွဲကို ဗန်းပြပြီး ပြည်သူလူထုအလယ်မှာ လူရာဝင်ချင်တာကြောင့် မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ ပြောပါတယ်။

“မင်းအောင်လှိုင်က သူက ပြည်သူတွေထဲက နာမည်ကျော်တွေဖြစ်တဲ့ ရုပ်ရှင်လောကသားတွေကတဆင့် ချဉ်းကပ်တာ။ တမင်တကာ ဟန်ပြ လုပ်ဆောင်တာမျိုးပေါ့။ အကယ်ဒမီပေးပွဲကို ဗန်းပြပြီးတော့ မရိုးသားတဲ့ ရည်ရွယ်ချက်ကြီးကို အောင်မြင်အောင် လုပ်ဆောင်တယ် ကြားရတယ်။ အကယ်ဒမီပေးပွဲဆိုတာ ကျနော်တို့ အစဉ်အဆက်က မြန်မာ့ရုပ်ရှင် အနုပညာကို မြှင့်တင်တဲ့ ပွဲတပွဲသာ ဖြစ်ခဲ့တယ်။ ဘယ်ခေတ်မှ မကြုံဖူးပါဘူး။ ဒီပွဲမတက်လို့ အန္တရာယ်ပေးမယ်ဆိုတာ ဘယ်ခေတ်မှ မကြုံဖူးဘူး။ ကျနော်က ပြည်တွင်းကလူတွေကို ဒီဟာမျိုးကို စာနာနားလည်ပါတယ်။ တချို့ကလည်း ကြောက်တတ်တယ်။ ကျနော်တို့လိုမျိုး စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ရဲတာမျိုး ရှိချင်မှရှိမယ်။ အခြေအနေ အကြောင်းကြောင့် တက်ရတာမျိုး ရှိကောင်းရှိမယ်။ အဲဒါမျိုးကို အပြစ်မမြင်ဘူး။ ကျနော်အပြစ်မြင်တာက အဓိကပြောချင်တာက စစ်ကောင်စီအတွက် ကိုယ့်အနုပညာကို အသုံးချပေးတာမျိုး မလုပ်ဘူးဆိုရင် ကျနော်တို့က အရမ်းကြီး အပြစ်မမြင်ပါဘူး။ စစ်ကောင်စီအတွက် အသုံးချပေးတာမျိုးတော့ ရုပ်ပျက်တယ်ပေါ့လေ။ သီချင်းရေးပေးတယ်၊ သီချင်းတွေဆိုပေးတယ်၊ စစ်ကောင်စီအတွက် ပေါ်လစီကားတွေ ရိုက်ပေးတယ်။ အဲဒါဆိုရင် ဒါက အကြမ်းဖက်သမားနဲ့ တတန်းတည်းပဲ။ အကြမ်းဖက်သမားပါပဲ။ အဲ့လိုမျိုး မြင်ပါတယ်။”

မေလ ၆ ရက်မှာလုပ်မယ့် အကယ်ဒမီပေးပွဲကို မဖြစ်မနေတက်ဖို့ ဖိတ်ကြားထားတဲ့ အကယ်ဒမီ ရရှိပြီးသား အနုပညာရှင် ၁၁၂ ယောက်စာရင်း ထုတ်ပြန်ထားပြီး အဲဒီစာရင်းမှာ စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်တွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်တွေက အကယ်ဒမီပွဲ တက်ရောက်ဖို့ အားတက်သရော ပြင်ဆင်နေကြပြီး တဖက်မှာလည်း ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို စစ်ကောင်စီဘက်က အကယ်ဒမီပွဲတက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013