မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာအထွက်မှာ မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေနဲ့ ခြေကုပ်စခန်းတွေအတွက် စက်သုံးဆီ တင်ဆောင်လာတဲ့ ထောက်ပို့ ဆီဘောက်ဆာကားတွေကို ဧပြီ ၂၈ ရက် မနက် ၇ နာရီ ၄၁ မိနစ်မှာ ဂဠုန်တပ် နတ်မောက် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နတ်မောက်မြို့၊ ရွာမွန်တပ်ကနေ ထွက်လာတဲ့ ဆီဘောက်ဆာယာဥ် အစီး ၃၀ ခန့်နဲ့ လုံခြုံရေးလိုက်ပါလာတဲ့ ချက်ပလက်ယာဥ် ၁၀ စီးခန့်ကို ရွာတော်ကျေးရွာအထွက်မှာ သတင်းအရ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနိုင်တယ်လို့ ဂဠုန်တပ် နတ်မောက် PDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်အောင်ဒင်က ဒီဗွီဘီကို ပြောပါတယ်။
“ရွာမွန်ကနေ ဒီကောင်တွေ ထွက်လာတာ၊ ဆီဘောက်ဆာက အစီး ၃၀ ကျော်တယ်၊ ချက်ပလက် ၁၀ စီး၊ ၁၅ စီးလောက်ပဲ၊ ဒီဘက်စစ်တပ်စခန်းတွေကို ဆီပို့မယ့်ကားတွေပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဒီကောင်တွေဘက်က လေယာဥ်သုံး ဗုံးသီးတွေသယ်တဲ့ ယာဥ်ကို စောင့်တိုက်သေးတယ်။ ဒီကောင်တွေဆီက ဂျန်ပါကောင်းတော့ မကွဲဘူး။ ဒီတခေါက်တော့ အမိအရကို ကွဲတာပဲ။ မိတဲ့ကားတစီးက စုတ်ပြတ်သတ်၊ အခုလှမ်းပြောတာတော့ အဲ့နားကို လူနာတင်ကားတွေ လာပြီးတော့ ဒဏ်ရာရလား သေဆုံးလား မသိတဲ့ လူ သုံးလေးယောက် လာခေါ်သွားတယ် ပြောတယ်။”
စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့တော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ရှေ့ဆက်ပြီး မစ်ရှင်တွေအများကြီး ဆက်လုပ်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီ ယာဥ်တန်းတွေနဲ့ နီးကပ်စွာ မသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း နတ်မောက်မြို့နယ် သမုန်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။