DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၄ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံး
DVB
·
April 28, 2023
ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၄ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဧပြီ ၁ ရက်ကနေ ၂၅ ရက်နေ့အထိ စစ်ဘေးရှောင်ပြည်သူ ၄ ဦး မြွေကိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

အဆိပ်ရှိမြွေကိုက်ခံရသူ ၄ ယောက်မှာ ကိုးတောင်ဘို့တိုက်နယ်က ကလေး ၂ ယောက်၊ မလည်တိုက်နယ်က ၁ ယောက်နဲ့ ထန်းကုန်းတိုက်နယ်က ၁ ယောက်ဖြစ်ပြီး ၂ ယောက်ကတော့ အချိန်မီ ဆေးမကုသနိုင်လို့ အသက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေပြင်စစ်ဘေးရှောင်တွေကို ကူညီရေးအဖွဲ့ဝင်တဦးက“၂၅ ရက်နေ့ ည ၁၀ နာရီလောက်မှာ အသက် ၃၄ နှစ်ရှိ အမျိုးသား ၁ ယောက် မြွေကိုက်ခံရတာ၊ ခြေထောက်မှာ ၃ ချက်၊ ကံကောင်းချင်တော့ စစ်ဘေးရှောင်တွေကို ဆေးကုပေးနေတဲ့ ဆရာမက မပြန်သေးဘဲ ညအိပ်တာကြောင့် ဆေးကုခွင့် အချိန်မီရတာ၊ ဟိုလိုဆိုမလွယ်ဘူး။ ဒါတောင် မြွေဆိပ်ဖြေဆေးက အဆင်သင့်မရှိလို့ ဘေးနားရွာတွေမှာ အကူအညီတောင်း ချေးငှားရတယ်။ ဒီဘက်မှာ BPI တော့မရှိဘူး၊ အိန္ဒိယ မြွေဆိပ်ဖြေဆေးပဲ ရတယ်။ မြွေကလည်း ကြီးတယ်၊ ၃ ချက် အကိုက်ခံရတာကြောင့် အိန္ဒိယမြွေဆိပ်ဖြေဆေး အလုံး ၂၀ ထိုးထားပြီး ဒီနေ့မနက်မှာ သက်ဆိုင်ရာ မြေပြင်ကျန်းမာရေးဌာနကို လွှဲပြောင်းပို့ဆောင်ထားတယ်” လို့ ပြောပါတယ်။

မြွေကိုက်ခံရသူ အမျိုးသားမှာ ကလေး ကျန်းမာရေးမကောင်းလို့ စစ်ဘေးရှောင်တဲကနေ မြေပြင်ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးပေးခန်းကို ဆေးသွားယူရာကနေ မြွေကိုက်ခံရတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း မလည်တိုက်နယ် ထန်းတောရွာက စစ်ဘေးရှောင်နေတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသား ၁ ဦး တောထဲမှာ စစ်ဘေးတိမ်းရှောင်နေရင်း မြွေကိုက်ခံရပြီး ကုသမှု အချိန်မီမရလို့ ၂၃ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဒေသခံ နီးစပ်သူက ဆိုပါတယ်။

မလည်တိုက်နယ်မှာ ဆက်တိုက် စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရှောင်နေရလို့ တနေရာနဲ့ တနေရာကို အလွယ်တကူ သွားလို့မရသလို ဆေးကုသခွင့် အချိန်မီမရကြတဲ့အပြင် မြွေဆိပ်ဖြေဆေး အလုံအလောက်မရှိတဲ့အတွက် အသက်မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ အခြေအနေတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံအမျိုးသားတဦးက ဆိုပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “စစ်ကြောင်းထိုးနေတာ တပတ်ကျော်ပါပြီခင်ဗျ။ ထိတွေ့မှုတော့ နေ့တိုင်းလိုလို ရှိနေတယ်ဗျ။ ခုတော့ စကျင်ရွာတောင်ဘက်ကို စစ်ကြောင်းက ဦးတည်ထွက်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ယနေ့အချိန်ထိ စစ်ဘေးရှောင်နေရတဲ့ ၁ နှစ်ခွဲကျော်ကာလမှာ အမျိုးသား ၄၅ ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် စစ်ဘေးရှောင်ပြည်သူ ၆၁ ယောက် မြွေဆိုးကိုက်ခံရကာ ဆေးကုသမှု အချိန်မီမရတဲ့အတွက် အမျိုးသား ၃ ယောက်နဲ့ ၈ နှစ်နဲ့ ၉ နှစ်အရွယ် ကလေး ၂ ယောက်၊ ပေါင်း ၅ ယောက် သေဆုံးခဲ့ပါတယ်။

ဒါဟာ ချိတ်ဆက်မှတ်တမ်းယူနိုင်တဲ့ အချက်အလက်သာဖြစ်ပြီး ခရိုင်တခုလုံး စာရင်းပြုစုနိုင်တဲ့ အခြေအနေ မရှိသေးတာကြောင့် မြေပြင်မှာ ဒီ့ထက်မက မြွေဆိုးအန္တရာယ် ကြုံ‌တွေ့နိုင်ကြတယ် လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013