ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှာ ဧပြီ ၂၈ ရက် မနက်က ဒေသခံကာကွယ်ရေးတပ် PDF တွေ ရှိလို့ဆိုပြီး နေအိမ်တလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မှော်ရှန်ရပ်ကွက်မှာရှိတဲ့ နေအိမ်တလုံးမှာ PDF တွေ ဝင်ရောက်နေထိုင်လို့ဆိုပြီး စစ်ကောင်စီတပ် အင်အား ၂၀ နီးပါးက အိမ်သုံးဆောင်ပစ္စည်းနဲ့ မော်တော်ကားနှစ်စီးကို သိမ်းဆည်းပြီး နေအိမ်ကို မီးရှို့ဖျက်ဆီးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မှော်ရှန်ရပ်ကွက်မှာ နေထိုင်သူတဦးက “မနက် ၅ နာရီလောက်က စစ်ကား အသေးနှစ်စီးနဲ့ အင်အား ၂၀ ပတ်ဝန်းကျင်လောက် ရှိတယ်။ အိမ်ထဲကပစ္စည်းတွေ အတော်များများ သိမ်းသွားတယ်။ ကားနှစ်စီး သိမ်းယူသွားတယ်။ လူတွေကတော့ ဖမ်းဆီးခံရတာမရှိဘူး။ ပစ္စည်းတွေ သိမ်းပြီး အိမ်ကို မီးရှို့သွားတယ်။ အမှန်တကယ် PDF နေ မနေကတော့ ကျနော်လည်း မသိဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ဧပြီ ၂၇ ရက်ကလည်း မဇွပ်ယန်ကျေးရွာနဲ့ ဆန်ခါကျေးရွာက နေအိမ်တွေကို သော့တွေ ရိုက်ဖျက်ချိုးပြီး ငွေနဲ့ ဖုန်းတွေကို စစ်ကောင်စီတပ်က သိမ်းဆည်းယူဆောင်ပြီး ဒေသခံ ၆၀ ထက်မနည်းကို ဖမ်းဆီးစစ်ဆေးခဲ့ပါသေးတယ်။
ဖားကန့်မြို့နယ်မှာ မတ်လကုန်ပိုင်းက စတင်ကာ မဇွပ်ယန်၊ မဒဲ့ယန်၊ ဆန်ခါ စတဲ့ကျေးရွာတွေမှာ PDF တွေနဲ့ ပတ်သက်ဆက်နွှယ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေ စီးနင်းမှုတွေပြုလုပ်ပြီး အရပ်သား ပြည်သူတွေကို ဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်နေပါတယ်။