DVB Logo
Home
Lead Story
စစ်အုပ်စု၏ သွေးခွဲထိန်းချုပ်ခြင်းဗျူဟာနှင့် သတိထားရမည့် ခြေလှမ်းများ
DVB
·
April 28, 2023
စစ်အုပ်စု၏ သွေးခွဲထိန်းချုပ်ခြင်းဗျူဟာနှင့် သတိထားရမည့် ခြေလှမ်းများ
Donate to DVB

“အင်အားကြီးတဲ့ အနေအထား မြဲချင်ရင် ထိပ်တိုက်ရင်ဆိုင်သမျှ လာဘ်ပေးတာတွေ၊ အခွင့်အရေး ပေးတာတွေနဲ့ သူတို့ကို အကျင့်ပျက်ခြစားစေတာလည်း နည်းလမ်းကောင်းတခုပဲ”

ကြည့်ဖူးတဲ့ ဇာတ်ကားတကားထဲက စိတ်ဝင်စားဖွယ် ဒိုင်ယာလော့တကြောင်းပါ။

တဆက်တည်းမှာပဲ တော်လှန်ရေးကာလအတွင်း စစ်အုပ်စုရဲ့ ပြည်သူ့တော်လှန်ရေးအပေါ် ဖိနှိပ်မှု‌တွေကို ပြန်ကြည့်တဲ့အခါမှာ ဒီနည်းလမ်းကို သေချာသုံးစွဲနေတာကိုလည်း တွေ့‌နေရပါတယ်။ အမှန်တော့ စစ်အုပ်စုဟာ သွေးခွဲ၊ လာဘ်ပေး၊ အကျင့်ပျက်ခြစားစေတဲ့ နည်းနဲ့ သူတို့အား ဆန့်ကျင်သူတွေကို ထိန်းချုပ်ဖြိုခွဲခဲ့တာ သမိုင်းမှာ ထင်ရှားခဲ့ပြီးသားပါ။

၁၉၉၀ ပြည့်နှစ် ဝန်းကျင်မှာ မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲ အင်အားအကြီးဆုံးအဖွဲ့က ဗကပပါ။ ဗကပဆီကနေ ကိုးကန့်နဲ့ ဝ တွေ ခွဲထွက်တာကို အခွင့်ကောင်းယူ၊ ခွဲထွက်လာတဲ့ အဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးပြီး ဗကပကို ချေမှုန်းဖို့ ကြိုးစားပါတယ်။ စစ်အုပ်စုအနေနဲ့ အများကြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီထဲကမှ ကိုးကန့်အဖွဲ့ဟာ ၂၀၀၇ ခုနှစ်မှာ စစ်အုပ်စု အလိုမတည့်တဲ့အခါ မူးယစ်ဆေးဝါးလုပ်ငန်း အကြောင်းပြပြီး စစ်ရေးအရ ဖိအားပေးတာကို ရင်ဆိုင်ခဲ့ရပါတယ်။ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ မူလထိန်းချုပ်နယ်မြေတွေအတွက် ပြန်လည်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ယနေ့အချိန်အထိ နယ်မြေပြန်လည်ရရှိရေး ကြိုးစားနေရဆဲပါပဲ။ ‘ဝ’ အဖွဲ့ကတော့ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး စစ်အုပ်စုက ရင်ဆိုင်ထိန်းချုပ်ထားဆဲပါပဲ။

၁၉၉၄ ခုနှစ်မှာ KIA နဲ့ ငြိမ်းချမ်းရေးအရယူပြီး ၁၉၉၅ မှာ KNU ကနေ DKBA ကွဲထွက်အောင် သွေးထိုးစည်းရုံးကာ KNU ကို ထိုးစစ်ဆင်ခဲ့တာတွေ၊ ၂၀၁၀ နောက်ပိုင်း KNU ကို ငြိမ်းချမ်းရေး အကြောင်းပြ ထိန်းချုပ်ပြီး BGF အသွင်ပြောင်းဖို့ ငြင်းဆန်တဲ့ KIA နဲ့ DKBA တပ်အချို့ကို စစ်ရေးအရ ဖိအားပေးလာတာတွေဟာ အလွန်ထင်ရှားတဲ့ စစ်အုပ်စုကျင့်သုံးတဲ့ တော်လှန်မှု ဖိနှိပ်ရေး မဟာဗျူဟာတွေပါပဲ။ စေ့စပ်ဆွေးနွေးထားတဲ့ အဖွဲ့တွေကို နည်းတမျိုးမျိုးနဲ့ ဖျက်သိမ်းဖို့ ဒါမှမဟုတ် သူတို့လက်ဝေခံ အဖွဲ့အဖြစ် သွပ်သွင်းဖို့က စစ်အုပ်စုရဲ့ တကယ့်အကြံဆိုတာ သိသာပါတယ်။ သူတို့ပြောလို့မရရင် စစ်ရေးအရ ပြန်ဖိအားပေးမှာပါပဲ။

စစ်အုပ်စုဟာ အဘက်ဘက်က ဝိုင်းဝန်းတိုက်ခိုက်လာတဲ့အခါ အင်အားကြီးသူတွေကို တနည်းနည်းနဲ့ ရင်ဆိုင်ထိန်းချုပ်ပြီး အင်အားနည်းသူတွေကို ဖိနှိပ်ဖောက်ထွက်ကာ သူတို့အင်အား ပြန်တည်ဆောက်နိုင်တဲ့အခါ အားလုံးကို အနိုင်ယူဖို့ ကြိုးစားနေတာ ကြာခဲ့ပါပြီ။ သူ့တို့အတွက် ထိုက်သင့်သလောက် အကျိုးရှိတာတွေလည်း သမိုင်းက သက်သေပြနေပါတယ်။ ဥပမာ- စစ်အုပ်စုအနေနဲ့ သူတို့စေ့စပ်ထားတဲ့ အဖွဲ့အစည်းတွေကို လာဘ်ပေးခြင်း၊ အကျင့်ပျက် စီးပွားရေးလုပ်ငန်းတွေလုပ်စေဖို့ အခွင့်အလမ်းတွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဖန်တီးတာ စသောနည်းလမ်းတွေသုံးပြီး ဒီအဖွဲ့တွေရဲ့ ခံယူချက်၊ ရည်မှန်းချက်တွေကို သွယ်ဝိုက် ဖျက်ဆီးနေရာမှာ တချို့အဖွဲ့အစည်းတွေဆို အတုအယောင် ရေပေါ်ဆီ အခွင့်အရေးတွေအပေါ် သာယာသွားကာ မိမိတို့ရဲ့ တကယ့်အစစ်အမှန် ရည်မှန်းချက်ဖြစ်တဲ့ လူသားချင်း တန်းတူအခွင့်အရေးရရှိ‌ရေးနဲ့ မိမိတို့အဖွဲ့ရဲ့ ကိုယ့်ကျင့်တန်ဖိုးတွေကိုတောင် မျက်ကွယ်ပြုပြီး စစ်အုပ်စုအောက်မှ ရုန်းမထွက်နိုင် ဖြစ်ကြရတဲ့အထိ အောင်မြင်ပါတယ်။

စစ်အုပ်စုနဲ့ စေ့စပ်ထားတဲ့အဖွဲ့တွေ သတိမူသင့်တာဟာ ဘယ်လောက်ပင်အပေါ်ယံအခွင့်အရေး ပေးစေကာမူ ပြည်သူလူထုရဲ့ လူ့အခွင့်အ‌ရေးနဲ့ လူသားတန်ဖိုးတွေကို စစ်အုပ်စု အကျိုးစီးပွားနဲ့ ယှဉ်လာပါက စစ်အုပ်စုအနေနဲ့ နည်းမျိုးစုံနဲ့ ဖိအား‌ပေး ဖျက်ဆီးကာ အနိုင်ကျင့် ဖိနှိပ်နေဦးမှာ ဖြစ်ကြောင်းနဲ့ တချိန် သူ လိုချင်တဲ့အင်အား စုဆောင်းနိုင်လာတဲ့အခါ သူတို့လက်အောက် အပြီးတိုင် ခိုဝင်ခြင်းမရှိသူတွေဟာ ဖိနှိပ်ဖျက်ဆီးခံရမှာ မလွဲဧကန်ဖြစ်ကြောင်း ဆိုတာပါပဲ။

အခုကာလမှာ စစ်အုပ်စု လှည့်ဖြားမှုမိနေတဲ့ PNO လိုအဖွဲ့တွေ အနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင် အခွင့်အရေးတွေအပေါ် သာယာမနေဘဲ မိမိတို့ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ တိုးတက်နေသော ကမ္ဘာကြီးမှာ လူချင်းတူသော လူ့အခွင့်အရေး အဆင့်မီရနိုင်ရေးကို ပြန်ငဲ့ကြည့်သင့်ပါတယ်။

စစ်အုပ်စုက မလိုတမျိုး လိုတမျိုး လုပ်တတ်တာ သင်ခန်းစာအနေနဲ့ကတော့ အများကြီး ရှိပြီးသားပါ။ စစ်အုပ်စုရဲ့ စေ့စပ်ဆွေးနွေးမှုတွေဟာ မရေရာကြောင်း ဗိုလ်မှူးတာကလယ်တို့ ရလလဖကို အနီးစပ်ဆုံး သက်သေယူလို့ ရနေတာပါပဲ။ စစ်အုပ်စုနဲ့ အလွမ်းသင့်တဲ့အဖွဲ့တိုင်း အမြန်စဉ်းစားသင့်တာက ရနေတဲ့ အတုအယောင် အခွင့်အရေးတွေဟာ ဘယ်လောက်မြဲနိုင်မလဲ၊ မိမိအဖွဲ့အစည်းရဲ့ ကိုယ့်ကျင့်တရား စံနှုန်းတွေ ဘယ်အထိ ယိမ်းယိုင်နေပြီလဲ၊ မိမိတို့ ပြည်သူအတွက် ဘယ်လို ရည်မှန်းချက်ထား ရှေ့ဆက်ကြမလဲ ဆိုတာပါ။

ကိုယ့်ပြည်သူကို အမှန်တကယ် ချစ်ရင်တော့ ပြည်သူတွေ လူလိုသူလို ချမ်းသာကြွယ်ဝစွာ အေးအေးချမ်းချမ်း အမြဲနေနိုင်မယ့်လမ်းကို သေချာရွေးချယ် လျှောက်လှမ်းနိုင်ဖို့ ဆုံးဖြတ်ကြသင့်ပါတယ်။

သမိုင်းမှာ တခါမှမရနိုင်ဖူးတဲ့ အခွင့်အရေးဟာ လက်တကမ်းမှာပါ။ ‌မော်ကွန်းဝင် သူရဲကောင်းတွေ ဖြစ်ချင်သလား၊ ရာဇဝင်အဆက်ဆက် အမည်းစက်တွေအပြည့်နဲ့ နေထိုင်သွားကြမလား ဆိုတာကတော့ ဆိုင်ရာ‌အဖွဲ့အစည်းအသီးသီးရဲ့ ‌ရွေးချယ်မှုပါပဲ။ အခွင့်သာခိုက် အားစိုက်ပြီး လိုက်နိုင်ကြစေချင်မိပါတယ်။

စစ်အုပ်စု လက်အောက်မှာပဲ အင်အားတည်ဆောက်ပြီး သူတို့ဖိနှိပ်လာမှ ပြန်တွန်းလှန်နိုင်မယ်လို့ တွေးရင်တော့ အားလုံး ကြိုးစားနေတဲ့ အခုအချိန်မဟုတ်ရင် ဘယ်လောက်ကြိုးစားကြိုစား စစ်အုပ်စုကို ဟန့်တားနှောင့်ယှက်ရုံအပြင် မတတ်နိုင်တာ သေချာပါတယ်။ ၂၀၁၂ ခုနှစ် စစ်အုပ်စုရဲ့ လိုင်ဇာထိုးစစ်က သက်သေပါပဲ။ သီးခြားအခြေအနေမှာ တဦးချင်းအနေနဲ့ ‘ဝ’ အဖွဲ့တောင် စစ်အုပ်စုကိုယှဉ်ဖို့ အခက်အခဲ ရှိပါတယ်။

ဒါကြောင့် မြန်မာပြည်အတွင်းက တော်လှန်ရေးအဖွဲ့တိုင်းအနေနဲ့ ကိုယ့်ရည်မှန်းချက်အစစ်ကို မျက်ခြည်ပြတ်မခံဘဲ စစ်အုပ်စုရဲ့ သွေးခွဲ၊ လာဘ်ပေး၊ အကျင့်ပျက် ခြစားစေပြီး ကိုယ့်ရည်မှန်းချက်ကို သွယ်ဝိုက်ဖျက်ဆီးနေတဲ့ မဟာဗျူဟာကို ပိုမိုသတိထား ကျော်လွှားနိုင်စေဖို့ တင်ပြလိုက်ရပါတယ်။

ညီညွတ်ခြင်းဖြင့် စစ်မှန်ငြိမ်းချမ်းကြွယ်ဝသော လူ့အဖွဲ့အစည်းကို အတူတကွ တည်ထောင်ကြပါစို့။

ညိုသူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013