DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို ကင်မွန်းချောင်းရဲစခန်းနှင့် ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရ၊ နွားထိုးကြီး၌ ရဲတပ်ကြပ် ၁ ဦး ပစ်သတ်ခံရ
DVB
·
April 28, 2023
ကျိုက်ထို ကင်မွန်းချောင်းရဲစခန်းနှင့် ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရ၊ နွားထိုးကြီး၌  ရဲတပ်ကြပ် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း နယ်မြေရဲစခန်း ဧပြီ ၂၇ ရက် ညနေ ၄ နာရီခွဲက ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းပိုင်းတွေ ထိမှန်ခဲ့ပြီး ရဲစခန်းတခုလုံး အခုချိန်ထိ မီးလောင်နေသလို စခန်းအတွင်းရှိ အဆောက်အဦအများစု မီးလောင်သွားပြီး ပြည်သူ့ကာကွယ်ရေးဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စခန်းတွင်းထဲမှာ ပေါက်ကွဲသံ ၂ ချက်လောက် ကြားပြီးနောက် ရဲစခန်းဘေးနားက ထမင်းဆိုင်တဆိုင်ပါ  မီးလောင်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်ခံရအပြီးမှာ  စခန်းအတွင်းဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံကြားရပြီး လူထိခိုက်မှုရှိမရှိတော့ မသိရဘူးလို့ ဆိုပါတယ်။

ကင်မွန်းချောင်းရဲစခန်းဟာ ကျိုက်ထီးရိုးဘုရားတောင်ခြေမှာရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မကြာခဏ လာရောက်တိုက်ခိုက်တာခံနေရပါတယ်။

အဆိုပါ ကျိုက်ထို ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတွေရဲ့ ထိခိုက်မှုအခြေအနေကို မြေပြင်အခြေအနေအရ မသိရသေးသလို ကျိုက်ထို PDF တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျိုက်ထိုတော်လှန်ရေးပူးပေါင်းအဖွဲ့က ပြောပါတယ်။

အလားတူ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်းကို ဧပြီ ၂၇ ရက် ည ၇ နာရီလောက်မှာ ဝေါမြို့နယ် ပကဖ နဲ့ ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ဦး  သေဆုံးသွားတယ်လို့ ပဲခူးတိုင်းဒေသကြီး PDF ကထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ ည ၇ နာရီ တန်းစီချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းရဲ့  ကင်းသမား နေရာမှာတင်သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့အမည်နဲ့ ရာထူးအဆင့်ကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားနေစဉ်  ဘုရားကြီးအမြောက်တပ်က  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကူလာခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်တယ်လို့သိရပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာတော့  ရဲစခန်းက ရဲတပ်ကြပ်တဦး ဆိုင်ကယ်နဲ့ မြို့ပြင်ထွက်လာစဉ် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF မြင်းခြံခရိုင် PDF တပ်ရင်း ၄ ထံက သိရပါတယ်။

ဧပြီ ၂၆ ရက် ည ၇ နာရီလောက်က နွားထိုးကြီးမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်းဟာ ရဲစခန်းအရှေ့ဘက်ရှိ ရဲကင်းစခန်းကို ဆိုင်ကယ်နဲ့ထွက်လာစဉ် ထန်းစင်ကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တားဆီးစစ်ဆေးပြုလုပ်စဉ် ဆိုင်ကယ်မရပ်ပေးဘဲ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့  NPDF တာဝန်ရှိသူက ပြောပါတယ်။

“လက်နက်မပါဘဲ ရဲကင်းစခန်းကို သူတယောက်တည်း ဆိုင်ကယ်နဲ့ထွက်လာတာ။ ကျနော်တို့ တားတဲ့အချိန်မှာ သူက ရပ်မပေးဘဲ ထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်တာပါ။ ရှင်းလင်းပြီးတာနဲ့ ကျနော်တို့ နောက်ပြန်ဆုတ်လာလိုက်တာ။ ရဲတပ်ကြပ်အလောင်းကို စစ်တပ်က အင်အား ၃၀ လောက်နဲ့ ညတွင်းချင်း လာကောက်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၄ ရက်ကလည်း မြင်းခြံမှ နွားထိုးကြီးဘက်ကို အိမ်စီးကား ၃ စီးနဲ့ မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြင်းခြံခရိုင် PDF တပ်ရင်း ၄ က သာယာကုန်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013