DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့်ကနီမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
April 28, 2023
ဘုတလင်နှင့်ကနီမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ရွာအနီးမှာ ဒီနေ့ ဧပြီ ၂၈ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့ကနေ မုံရွာနမခစခန်းကို ပြန်သွားတဲ့ အဆိုပါစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားတာလို့ ဆိုပါတယ်။

“ဘုတလင်ကနေ ဘုတလင်-မုံရွာ နမခ သွား ကားလမ်းဘေးက PDF တွေ မိုင်းထောင်တယ်အထင်နဲ့ မိုင်းရှင်းတယ်ဆိုပြီး ရွာတွေဝင်ပြီး ခိုးယူလုယက်ဖို့ လာတဲ့စစ် (-) တွေပါ။ အင်အားက ၄၃ ယောက်ပါတယ်လို့တော့ ဘုတလင်မြို့က အသိမိတ်ဆွေတွေက ပြောလို့ သိထားရတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ညောင်ပင်ကန်၊ ညောင်ရိပ်သာ၊ မှန်တောဦး စတဲ့ ကျေးရွာတွေက ရွာသားတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

“သူတို့ထွက်လာပြီဆိုတာနဲ့ ဒေသခံရွာသားတွေကိုကြိုပြီး ဘေးလွတ်ရာကို ကယ်ထုတ်ရတယ်။ အဲလိုပြီးတာနဲ့ မိုင်းကွင်းစဉ်ပြီး ကြိုတင်စောင့်နေတာ။ ဒီကောင်တွေ ကားလမ်းမပေါ်အတိုင်း မသွားဘူးဆိုတာကိုသိလို့ ကျနော်တို့ ယာခင်းတွေထဲကနေ မိုင်းတွေ ထောင်တာလုပ်ထားတယ်။ ထောင်ထားတာနဲ့ ကွက်တိကျတော့ ပထမ မိုင်းဆွဲတယ်။ (-) ၁၀ ကောင်ထက်မနည်းကျတယ်။ မိုင်းဆွဲပြီး ခဏ ထိတ်တိုက်ပစ်ခတ်မှုရှိသေးတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိဘူး” လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့စစ်တပ်ဟာ မှန်တော်ဦးကျေးရွာအနီးမှာရှိနေပြီး စစ်ရေးအခြေအနေကတော့ နှစ်ဖက်တင်မာနေဆဲဖြစ်ကာ ဘုတလင်မြို့နယ် ပကဖ အဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ  ပူးပေါင်းတိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီနယ်၊ အလယ်ကျွန်း ပျူရွာဘက်ကနေ အနောက်ဘက် သရက်တောကျေးရွာဘက်ကို ရိက္ခာဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းအင်အား ၁ဝ ယောက်လောက်ကို ဧပြီ ၂၇ ရက် ညနေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ခြေကုပ်ယူထားတဲ့ အလယ်ကျွန်းရွာကနေ အနောက်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG ကျောက်လုံးကြီးတပ်မဟာက လုံခြုံရေးယူထားတဲ့ သရက်တောကျေးရွာကို ရိက္ခာလာယူစဥ် တိုက်ခိုက်ခဲ့တာလို့ KLG ကျောက်လုံးကြီးတပ်မဟာ ပြောရေးဆိုခွင့်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အလယ်ကျွန်းပျူရွာရဲ့ အနောက်မှာ သရက်တောကျေးရွာ ရှိတယ်ဗျ။ အလယ်ကျွန်းက ဒီကောင်တွေချည်းပဲရှိတာ၊ တရွာလုံးပေါင်းမှ အိမ်ခြေ ၂၅၊ ၃၀ ပဲ ရှိတော့တယ်။ မိုင်းဆွဲတာ ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ၊ ဖရဲသီးသတင်းပေးတာပါ။ မိုင်းမိလို့ (--)အသေနဲ့ လူနာတွေ ပြန်ခေါ်ပြီး နောက်ဆုတ်သွားတယ်။ အဲ့ကောင်တွေ ရိက္ခာမရှိတော့လို့ အနီးနားက သရက်တောကျေးရွာဘက်ကို အလာ အခုလို မိုင်းမိပြီး သေရော။ ကျနော်တို့က သရက်တောရွာကို လုံခြုံရေး ယူပေးထားတာပါ။”

စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိတဲ့အတွက် ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါတိုက်ခိုက်မှုကို KLG PDF ကျောက်လုံးကြီးတပ်မဟာက ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ခြေကုပ်စခန်းနေရာ အလယ်ကျွန်းရွာကို ပြန်သယ်သွားပြီး သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူလူထု ထိခိုက်မှုမရှိသလို ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဧပြီ ၂၇ ရက် ညပိုင်းကလည်း အလယ်ကျွန်းရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-KLG PDF ကျောက်လုံးကြီးတပ်မဟာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013