DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကူးစက်မှု အာဆီယံတွင် ၆ ဆခန့်မြင့်တက်၊ ကျန်းမာရေးလမ်းညွှန်ချက် လိုက်နာကြရန် NUG သတိပေး
DVB
·
April 27, 2023
ကိုဗစ်ကူးစက်မှု အာဆီယံတွင် ၆ ဆခန့်မြင့်တက်၊ ကျန်းမာရေးလမ်းညွှန်ချက် လိုက်နာကြရန် NUG သတိပေး
Donate to DVB

အရှေ့တောင်အာရှဒေသတွေမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၆ ဆလောက် မြင့်တက်လာပြီး မြန်မာမှာလည်း ခုရက်ပိုင်းတွေအတွင်း ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ် တွေ့လာရတာမို့ ကိုဗစ်-၁၉ ရောဂါအတွက် ထုတ်ပြန်ထားတဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းဇယားတွေအရ တကမ္ဘာလုံးမှာ ရောဂါဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေဟာ အရင်လနဲ့ နှိုင်းယှဉ်ပါက ကျဆင်းနေပေမဲ့ အာဆီယံမှာ ၆ ဆလောက်နဲ့ မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှာ ၂ ဆလောက် မြင့်တက်လာပြီး သေဆုံးနှုန်းလည်း မြင့်တက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁ လအတွင်းမှာတော့ အာရှဒေသနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု အများဆုံးနိုင်ငံတွေအဖြစ် အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတို့ ဖြစ်ကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်နေတဲ့ မျိုးရိုးဗီဇအသစ် ၂ မျိုးဖြစ်တဲ့ XBB.1.5 မျိုးကွဲဟာ နိုင်ငံပေါင်း ၉၆ နိုင်ငံထိ ပျံ့နှံ့နေကာ XBB.1.16 မျိုးကွဲကတော့ ၃၁ နိုင်ငံအထိ ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၄,၅၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၇၂၂ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်ထိ ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကို တွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

ခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအသစ် ခပ်စိပ်စိပ် တွေ့လာနေရ ပြီးတော့ ကိုဗစ်ကူးစက်နှုန်း များလာတာကြောင့် ကိုဗစ်လူနာတွေအတွက် နိုင်ငံတဝန်းက ဆေးရုံတွေ အသင့်ပြင်ထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်မှာ ညွှန်ကြားထားပါတယ်။

ညွှန်ကြားစာမှာတော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲ 1.16 (Arcturus) ကြောင့် ၂၀၂၃ ဇန်နဝါရီကစပြီး ကူးစက်နှုန်း မြင့်တက်လာပြီး မြန်မာနိုင်ငံအတွင်း ဧပြီလကစတင်ကာ ကိုဗစ်ကူးစက်သူ များပြားလာတဲ့အတွက် ဆေးရုံတွေ အသင့်ပြင်ထားဖို့ ပါရှိပါတယ်။

NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၆၈၀,၀၀၀ ကျော် ရှိလာခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013