DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးနှင့် ခင်ဦးမြို့နယ်တို့တွင် ဒေသခံထောင်ချီစစ်ဘေးရှောင်၊ ထီးချိုင့်မြို့နယ်၌ ရွာသား ၂ ဦးကို စစ်တပ်က သတ်ဖြတ်
DVB
·
April 27, 2023
ဆားလင်းကြီးနှင့် ခင်ဦးမြို့နယ်တို့တွင် ဒေသခံထောင်ချီစစ်ဘေးရှောင်၊ ထီးချိုင့်မြို့နယ်၌ ရွာသား ၂ ဦးကို စစ်တပ်က သတ်ဖြတ်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကနေ ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့်  ဆားလင်းကြီးဒေသခံ ကျေးလက်နေ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်းက စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့က စတင်ပြီး ဆားလင်းကြီးနယ်ထဲကို စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ဒေသခံတွေဟာ နေ့စဥ်နဲ့အမျှ စစ်ဘေးရှောင်နေကြရပါတယ်။

ဆားလင်းကြီးဒေသခံတစ်ဦးက “စစ်ကြောင်းကတော့ ဝင်မွှေနေတာပဲ ဒီလထဲမှာပဲ ငါးယောက်ဓားစာခံဖမ်းခံရတယ်။ ​ပြီးတော့ သတ်လိုက်တာပဲ။ ငါတို့လည်း မနေရဲဘူး စစ်ကြောင်းပြန်မထွက်မချင်းတော့ ပြေးနေရဦးမှာပဲ”လို့ ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဧပြီလ ၁၅ နဲ့ ၁၆ ရက်တွေမှာ ဓားစာခံဖမ်းဆီးထားတဲ့ ပြည်သူ ခုနှစ်ဦးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့ပြီး ဆက်လက်လှုပ်ရှားနေတဲ့အတွက် ဆားလင်းကြီးဒေသက စစ်ဘေးရှောင်ဦးရေဟာ တိုးလာနိုင်တယ်လို့ ဒေသခံတွေကအနေနဲ့စိုးရိမ်ပူပန်မှု​​တွေရှိနေပါတယ်။

တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့ပေါင်း ၄၇ မြို့အနက်မှာ စစ်ကိုင်းတိုင်းက ဆားလင်းကြီးမြို့နယ်အပါအဝင် ၁၄ မြို့နယ်ပါဝင် ပါတယ်။

ထီးချိုင့်မြို့နယ်မှာတော့ ဆင်ဖြူဆိပ်ရွာသာ နှစ်ယောက်ကို မနေ့က ဧပြီ ၂၆ ရက် ညနေပိုင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့ကနေ ဝဲကြီးရွာ၊ မရသိမ်ရွာတွေကိုဝင်ရောက်ပြီး ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ ရက်ရှည်တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိခဲ့ဖူးပါတယ်။

ဒေသခံရွာသားတစ်ဦးက “သူတို့က ဝဲကြီး၊ မရသိမ်ရွာက‌နေ လပိုင်တင်ရွာကိုစစ်ကြောင်း စထိုးတယ်။ လပိုင်တင်ရွာကနေ ကျနော်တို့ ဆင်ဖြူဆိပ်ရွာဘက်ထွက်တဲ့အချိန် ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်သေးတယ်။ လပိုင်တင်ရွာကိုလည်း မီးရှို့ခဲ့သေးတယ်။ အဲရွာကနေ ကျနော်တို့ဆင်ဖြူဆိပ်ရွာကို ဝင်လာတယ်။ ညနေပိုင်းရောက်တော့ ရွာသား ၂ ဦးကို ဖမ်းပြီး ရွာကိုမီးခဲ့ပါတယ်။ ဆေးရုံအပါဝင်ဆို အိမ် ၄၁ လုံးမီးရှို့ထားခဲ့တယ်။ ဒီနေ့ သူတို့ထွက်သွားလို့  ရှာဖွေတာတွေလုပ်တော့ စခတွေ ဖမ်းသွားပြီး သက်သက် ထားခဲ့တဲ့အလောင်းတွေ တွေ့ခဲ့ရတယ်ဗျ။ သေဆုံးသူတွေက တိုက်ချစ် အသက်၃၉ နှစ်နီးနဲ့ ကျော်ဇင်ဝင်း ၃၃ တို့ ဖြစ်တယ်ဗျ။ အရပ်သားတွေပါ။ ဘယ်PDFမှမဟုတ်ဘူး”လို့ ပြောပါတယ်။

ဆင်ဖြူဆိပ်ရွာကို မီးရှို့ လူသတ်တဲ့စစ်ကောင်စီတပ်ဟာ လက်ရှိအချိန် ပေါက်ပင်ကွေ့အနီးမှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထီးချိုင့် အနောက်မြောက်ခြမ်းမှာ စစ်ကြောင်း နှစ်ကြောင်းနဲ့ ဝင်ရောက်စစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။

စစ်ကြောင်းတစ်ကြောင်းကတော့ အင်းတော်မြို့နယ်ထဲကနေ ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်စစ်ကြောင်းထိုးနေတာ စစ်ကြောင်းတစ်ကြောင်းနဲ့ လက်ရှိ ထီးချိုင့်မြို့နယ်ကနေ ထွက်လာတဲ့စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်း၂ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာ ကြောင့် ဒေသခံသောင်းနဲ့ချီ ကျေးရွာ  ၉ ရွာက ပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှလည်း  ကျေးရွာ ၃ ရွာက နေအိမ်တွေ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံနေရတာကြောင့် ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း တပင်ကောင်း(တောင်)ရွာရှိ နေအိမ်တွေကို ဧပြီ ၂၅ ရက် ညနေ ၅ နာရီလောက်ကစပြီး ညအအထိ စစ်ကောင်စီတပ်က မီးရှို့တာကြောင့် နေအိမ် ၂၅ လုံး ပြာကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တပင်ကောင်း(တောင်)ရွာဟာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး ပထမအကြိမ်က နေအိမ် ၄၆ လုံး ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ တပင်ကောင်းရွာမှ မဏီကုန်း တောလမ်းတွေကတဆင့် ကံကြီးကုန်းကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ် ၁ လုံးနဲ့ ကွမ်းခြံတခုကို မီးရှို့ဖျက်ဆီးခဲ့သလို မြို့သစ်ကျေးရွာနဲ့ သာဂရကျေးရွာအတွင်း အဖွဲ့ခွဲဝင်ကာ မြို့သစ်ကျေးရွာရှိ နေအိမ်တွေကိုလည်း ဆက်လက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၅ ရက် နေ့လယ်ကလည်း မဏီကုန်းရွာ တောလမ်းတွေကနေ ကံကြီးကုန်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆင်ဖို့လုပ်နေတဲ့ ရဲဘော် ၁ ဦး မိုင်းမတော်တဆဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

အိမ်ခြေ ၆၀၀ ခန့်ရှိ မြို့သစ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့မနက် ၇ နာရီလောက်မှာလည်း ထပ်မံမီးရှို့နေပြီး ဘေးပတ်ဝန်းကျင်ရွာတွေကိုလည်း လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့ဘက် ဦးတည်လာနိုင်ပြီး ရေဦးမှ ခင်ဦးနယ် မြင်းဒေါင်းရွာအထိ ရေဦး-ခင်ဦးလမ်းအတိုင်း တပ်အင်အားတွေ ချထားတယ်လို့ ဒေသအတွင်း သတင်းအရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် သာဂရ၊ မြို့သစ်၊ ကံကြီးကုန်း၊ ရွှေယမင်း စတဲ့ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ဝန်းကျင်ဟာ နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်နေရပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ကျေးရွာပေါင်း ၆၂ ရွာမှ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်ပေါင်း ၃,၅၈၇ လုံးရှိပြီး ပြည်သူ ၁၈,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013