DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်၌ စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ပခုက္ကူတွင် ပျူစောထီးစခန်း တိုက်ခိုက်ခံရ
DVB
·
April 27, 2023
ပုလဲမြို့နယ်၌ စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ပခုက္ကူတွင် ပျူစောထီးစခန်း တိုက်ခိုက်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ ခြေကုပ်ယူထားတဲ့စခန်းကို ဧပြီ ၂၆ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက Red Hawk Operations - စွန်ရဲစစ်ဆင်ရေးအဖြစ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade (A Nyar Eagles) မှ တာဝန်ရှိသူတွေဆီက သိရပါတယ်။

တိုက်ခိုက်ခဲ့တဲ့ အင်မထီးရွာဟာ ပျူစောထီးရွာဖြစ်ပြီး စစ်ကောင်စီစခန်းကို ဒရုန်းအကြီးတွေနဲ့ တပြိုင်တည်း ဗုံးကြဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး အင်အား ၃၀ ခန့် ရွာပြင်ကို ထွက်ပြေးသွားခဲ့ပြီး အဲဒီစခန်းအတွင်းမှာ ဗုံးသီးအကြီးတွေ၊ မီးလောင်ဗုံးတွေ ရှိတဲ့အတွက်ကြောင့် ပေါက်ကွဲပျက်စီးမှုနဲ့ အသေအပျောက်တွေ ရှိနိုင်ပေမဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

Eagle Brigade (ANyar Eagles) ပြောရေးဆိုခွင့်ရှိသူ ကိုဂျိုးဘလက်က “သွားရောက်တိုက်ခိုက်တာက အင်မထီး ပျူရွာပါ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေ ခြေကုပ်ယူတဲ့ စခန်းမို့လို့ ဗုံးသီးအကြီးတွေ၊ မီးလောင်ဗုံးတွေကို Scout ဒရုန်းတစီး၊ Attack ဒရုန်း ၃ စီးနဲ့ သွားကြဲတာပါ။ သူတို့ဘက်က ပျက်စီးမှုတွေကို ကျနော်တို့ မသိရနိုင်ပါဘူး။ ဒရုန်းတွေကတော့ အကြီးသုံးစီးပျံပြီး ဗုံးသီးတွေချခဲ့တာပါ။ တစီးကတော့ အနည်းငယ်ပျက်စီးခဲ့ပေမဲ့ ကျနော်တို့ရှိသမျှအားနဲ့ ကြိုးစားလုပ်ဆောင်နေမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ခိုက်မှုတွေကို Red Hawk Operations - စွန်ရဲစစ်ဆင်ရေးအဖြစ် Eagle Bridge (A Nyar Eagles)၊ Myaing Fighter Defense Force (MFDF)၊ Myaung Special Air Force (MSPDF)၊ Salingyi Special Task Force (SSTF)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က သေဆုံး ဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

လက်ရှိမှာတော့ Red Hawk Operations - စွန်ရဲစစ်ဆင်ရေးအဖြစ်နဲ့ အညာဒေသမှာ မစ်ရှင်ဖော်ဆောင်မှုတွေကို Eagle Bridge (A Nyar Eagles) က ဦးဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ကလည်း ဆားလင်းကြီးမြို့၊ ကျားတက်ရဲစခန်းကို ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း ဧပြီ ၂၅ ရက် ညက ပျူစောထီးစခန်းတခု တိုက်ခိုက်ခံရပြီး ၁၃ ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် တဲကုန်းရွာ ပျူစောထီးစခန်းကို ဧပြီ ၂၅ ရက် ည ၉ နာရီခွဲလောက်မှာ Black Cobra တပ်ဖွဲ့နဲ့ပူးပေါင်းပြီး အလစ်အငိုက် ဝင်တိုက်ခဲ့လို့ ပျူစောထီး ၁၃ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

သေဆုံးတဲ့အထဲမှာ တဲကုန်းရွာ ပျူစောထီးခေါင်းဆောင် တင်ဝင်းလည်းပါပြီး ၈ ယောက်ကတော့ ပခုက္ကူဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီပျူစောထီးစခန်းကို ဝင်တိုက်တဲ့အချိန်မှာ မြို့ခင်းသာနဲ့ မှိုက်ပင်ကုန်းက ပျူစောထီးတွေလည်း လာရောက်ကင်းစောင့်နေတာကြောင့် တပေါင်းတည်း တိုက်ခိုက်လိုက်နိုင်ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ကာဘိုင်သေနတ်တလက်၊ တတောင့်ထိုး မောင်းချိုးသေနတ် ၄ လက်၊ ကာဘိုင်ကျည် ၃၅ တောင့်၊ တတောင့်ထိုးကျည် ၂၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ကာ ၂ ထည်၊ လက်ကိုင်ဖုန်း ၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းကိုတော့ မသိမ်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013