DVB Logo
Home
Lead Story
လူမှုဒုက္ခအဝဝ ၏ တရားခံမှာ စစ်အုပ်စုသာဖြစ်သည်
DVB
·
April 27, 2023
လူမှုဒုက္ခအဝဝ ၏ တရားခံမှာ စစ်အုပ်စုသာဖြစ်သည်
Donate to DVB

မနက် မိုးလင်းပါပြီ။

နေ့သစ်တနေ့ ရောက်လာပြန်ပါပြီ။

မနက်မိုးလင်းကအစ ညမိုးချုပ်တဲ့အထိ စိတ်ဆင်းရဲမှုများစွာ ခံစားနေရတာက မြန်မာပြည်သူတွေ ဖြစ်သည်။ နေ့နေ့ညည အနိဋ္ဌာရုံတွေ ကြုံတွေ့နေရတာက မြန်မာပြည်သူတွေ ဖြစ်သည်။ နေ့စဉ်မပျက် စိတ်ဆင်းရဲသောကရောက်ကာ ကမ္ဘာကြီး၏ လျစ်လျူရှုမှုကို ခံနေရတာကလည်း မြန်မာပြည်သူပြည်သား‌တွေပဲ ဖြစ်သည်။ မြန်မာပြည်တွင် မြို့လည်း မြို့အလျောက်၊ တောလည်း​ တောအလျောက် ဆင်းရဲဒုက္ခတွေက နေ့တိုင်းလိုလိုပင် တွေ့မြင် ကြားသိနေရ၏။

ကျေးလက်တောရွာမှာ ကြုံတွေ့ရသည့် ဆင်းရဲဒုက္ခ ဆိုသည်မှာ လက်နက်ကြီးနဲ့ ထုခံရတာ၊ လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခံရတာမျိုး ဖြစ်သည်။ အိမ်မီးရှို့ခံရတာမျိုး၊ ရွာလုံးကျွတ် ထွက်ပြေးရတာမျိုး ဖြစ်သည်။ မီးရှို့သတ်ဖြတ်ခံရတာမျိုး ဖြစ်သည်။ ကျေးလက်တောရွာက ဒုက္ခများမှာ တိုက်ရိုက်ဆန်သည်။ ဆိုလိုသည်မှာ ကျေးလက်ဝောာရွာ၌ ကြုံ‌တွေ့နေရသော ဒုက္ခကြီးငယ်မဟူ စစ်ခွေးတွေကြောင့်ဆိုသည်မှာ သိသာထင်ရှားသည်။ 

မြို့ပေါ်မှာတော့ အနည်းငယ် ကွဲပြားသယောင်။ မြို့‌ပြလူထုမှာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေရသည်။ အလုပ်အကိုင် ရှားပါးမှု​​ပြဿနာကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။ ဝင်ငွေ ထွက်ငွေ မမျှတမှုဒဏ်ကို ခါးစည်းခံနေကြရသည်။ နေ့ရောညပါ ရှောင်တခင် စစ်ဆေးရိုက်နှက်မှုဒဏ်ကို နာနာကျင်ကျင် ခံနေကြရသည်။ ခိုးဆိုးလုနှိုက်တွေကြောင့် စိတ်ရောကိုယ်ပါ မလုံခြုံမှုဒဏ်ကို ပင်ပန်းဆင်းရဲကြီးစွာ ခံစားနေကြရသည်။ ဒီလူမှုဒုက္ခအားလုံး စစ်ခွေးတွေကြောင့်ဖြစ်သည်ကို တချို့က နားလည်ချင်မှ နားလည်မည်။ နားဝေတိမ်တောင် ဖြစ်တဲ့သူလည်း ရှိလိမ့်မည်။ အကြောင်းမူ မြို့ပြက လူမှုဒုက္ခအဝဝက ကျေးလက်ဝောာရွာလောက် တိုက်ရိုက်မခံရခြင်းကြောင့် ဖြစ်သည်။ မည်သို့ရှိစေ ဒုက္ခပုံစံချင်းသာ မတူကြသော်လည်း ရွာကလူတွေလိုပဲ ဒုက္ခရောက်သည့် အဖြစ်သနစ်မှာတော့ ထူးမခြားနားပင်။ အနှစ်သာရက အတူတူပဲ ဖြစ်သည်။

အခုဆိုလျှင် မြို့ပေါ်ရှိ ပြည်သူတွေကို စစ်ခွေးတွေပေးသော ဆင်းရဲဒုက္ခတမျိုးမှာလည်း တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ ယင်းမှာ အခြားမဟုတ်။ လျှပ်စစ်မီးမရရှိသည့် ဒုက္ခဆင်းရဲပဲ ဖြစ်သည်။ ထိုပြဿနာမှာ တနေ့တခြား ပိုဆိုးရွားလာသည်။ တနေ့ကို လျှပ်စစ်မီး ဘယ်နှစ်နာရီနှုန်းထားဖြင့် ခွဲတမ်းပေးမည်ဆိုသည့်တိုင် လက်တွေ့မှာတော့ တခြားစီ။ လာချင်တဲ့အချိန်မှ လာသည်။ ပေးချင်တဲ့အချိန်မှ ပေးသည်။ တချို့မြို့များတွင်ဆိုလျှင် တနေ့ကို တနာရီပြည့်အောင်ပင် မလာတော့။ ၁၅ မိနစ်လောက်လာပြီး ပျက်သွားသည့်နေ့လည်း ရှိသည်။ နာရီဝက်လောက်သာလာပြီး တနေကုန် မလာတော့တာမျိုးလည်း ရှိသည်။ တချို့ရက်တွေဆို တနေကုန်ပင် မလာတော့။ ၁၅ မိနစ်၊ နာရီဝက်လောက် လာတယ်ဆိုပေသိ လာသည့်အချိန်ကိုလည်း ကြည့်ပါဦး။ လူတွေအိပ်သည့် နံနက်ခင်း ၁ နာရီ၊ ၂ နာရီ၊ ၃ နာရီ​တွေမှာ ဖြစ်သည်။ ပြည်သူတွေခမျာ ဆင်းရဲဒုက္ခကြီးစွာ ညကြီးထ၊ အိပ်ရေးပျက်ခံကာ ဖုန်းအားသွင်းရ၊ ရေတင်ကြရသည်။ ပြီးလျှင် တနေကုန် မီးမလာတော့။ မီးမွှေးကာ ထမင်းဟင်း ချက်ရပြန်သည်။ ညတိုင်ဆိုလျှင်လည်း ဖယောင်းတိုင်မီး ထွန်းထားရမည့်ကိန်း ဆိုက်နေသည်။ ရာသီဥတုက ပူလောင် အိုက်ပြုတ်ရသည့်အထဲ လျှပ်စစ်ပန်ကာ ဖွင့်လို့မရ။ ဖုန်းအားသွင်းလို့ မရ၊ ရေတင်လို့မရတော့။ ဒါက သာမန်ပြည်သူတွေရဲ့ ဘဝ။ 

စီးပွားရေးလုပ်ကိုင်သူများ ဆိုလျှင်လည်း လျှပ်စစ်မီး မရတာမို့ လုပ်ရကိုင်ရ ခက်ခဲလာသည်။ စက်မှုလုပ်ငန်း မဆိုထားနှင့်။ သာမန် စားသောက်ဆိုင်တခုမှာပင် မီးမလာဘူးဆိုရင် မီးစက်မောင်းရ။ မီးစက်မောင်းဖို့ စက်သုံးဆီ ဝယ်ရ။ စက်သုံးဆီဈေးက ကြီးကကြီး။ တနေကုန် မီးစက်မမောင်းနိုင်။ မီးစက်နှိုး လုပ်ကိုင်ရသည်မို့ အစားအသောက်ဈေးများ တက်သည်။ သို့မဟုတ် အရေအတွက် လျှော့ချသည်။ ဆိုင်အလုပ်သမားများကိုလည်း ပုံမှန်လခ မပေးနိုင်တော့။ လစာလျှော့ချရတာမျိုး လုပ်ရသည်။ ဒါတောင် သာမန်စားသောက်ဆိုင်ပဲ ရှိသေးသည်။ ဒီ‌ထက်အဆင့်မြင့်သည့် စက်မှုလုပ်ငန်းများဆိုလျှင် စဉ်းစားသာကြည့်ပေတော့။ ဒီကြားထဲ သေနတ်ပြကာ မီတာခဆိုပြီး ပြည်သူတွေထံမှ စစ်ခွေးတွေက ငွေညှစ်သည်။ မခံချင်စိတ် ရှိပေမဲ့ သေနတ်မရှိတော့ စစ်ခွေးတို့ ထင်တိုင်းကြဲတာကို အောင့်အည်းသည်းခံရသည်။ ဟိုယခင် အရပ်သား NLD အစိုးရခေတ်တုန်းကလို မီးလေး တနာရီလောက် ပျက်သွားတာနှင့် EPC ရုံးကို ဖုန်းလှမ်းဆက်လို့မရ။ အော်ဟစ်လို့မရ၊ တိုင်တန်းလို့မရ။ အော်ဟစ်တိုင်တန်းတာနှင့် တိုင်တန်းသူကိုတောင် လာပြီး ဖမ်းဆီးနိုင်သည်။ မီတာပုံး လာဖြုတ်နိုင်သည်။

ဒါတောင် စစ်ခွေးတွေ အာဏာငန်းဖမ်း အာဏာသိမ်းတာ ၂ နှစ်ကျော်ခါစပဲ ရှိသေးသည်။ ဒါတောင် ကိုယ့်ဘက်သူ့ဘက် အားပြိုင်တုန်းကာလပဲ ရှိသေးသည်။ ဒီလို ၂ နှစ်ကျော်ကာလ၊ ဒီလို အခြေအနေမျိုးမှာတောင် ပြည်သူတွေ၏ နေ့စဥ် လူနေမှုဘဝ ဒီလောက်ခက်ခဲနေပါက သူတို့ အုပ်ချုပ်သည့်ခေတ်သာ အပြည့်အဝ ရောက်သွားမည်ဆိုလျှင်...။

နွေဦးဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013