DVB Logo
Home
Lead Story
မဟူရာ ကြင်စိုး (သရော်စာ)
DVB
·
April 27, 2023
မဟူရာ ကြင်စိုး (သရော်စာ)
Donate to DVB

(က)

“ဖေကြီးရေ အစည်းအဝေးတဲ့ကွ၊ ရေနွေးကြမ်းသောက်ရအောင် လိုက်ခဲ့ဦး”

အဘစောမူးသာနှင့်အတူ ထွက်ခဲ့ကြပါ၏။ အဘစိမ်းလွင်တို့အိမ်မှာ လုပ်မှာတဲ့။ ‘လျှပ်စစ်’ ကိစ္စဆိုလား၊ အခု ‘ထရန်စဖာ’ က အားမနိုင်လို့ သည့်ထက်ကြီးတဲ့ဟာနဲ့ လဲကြမယ်ဆိုလား၊ အဲဒါ တိုင်ပင်ကြမှာတဲ့။

“ကြင်စိုး သာဝ မအလခေတ်ကို မြန်မာ့သမိုင်းမှာ ‘အမှောင်ဆုံးခေတ်’ လို့ ရေးထိုးကြတော့မှာကွ . . . ဟ ဟ ဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

ကံကောင်းတာက သည်ရွာကလေးမှာ  ‘မီး’ ရတာ။ အရင်ခေတ်က ‘ထိန်ထိန်သာ’ တဲ့ ခင်ဗျ။ ဒါပေမဲ့လို့ မအလ အတင်းအဓမ္မ ‘တက်’ လာပြီးတဲ့အချိန်ကစ၍ ‘မီး’ ဟာ မရတော့သလောက်ကို ဖြစ်ခဲ့ရတာပါတဲ့။ ဒါကတော့ မြန်မာတပြည်လုံးက မြို့ရွာတိုင်းနဲ့ အတူတူပါပဲကွာလို့လည်း အဘစောမူးသာက ထပ်ပြောပါတယ် ခင်ဗျ။

မီးမလာချိန်က များပါတယ်။ လာချိန်ကလည်း ရှားလှပါတယ်။ လာချင်တဲ့အချိန်မှလာပြီး ခဏလေးအတွင်းမှာပဲ ပြန်ပျက်ပျက်သွားပြီး တနေကုန် မလာတော့ဘဲ ညဉ့်သန်းခေါင် တချက်ထိုး နှစ်ချက်ထိုးလောက်ကျမှ ထလာချင်လာတတ်ပြီး အဲသည်အချိန်မှာ ‘ရေမော်တာတွေ’ ပြိုင်တူ ထထဆွဲတဲ့အခါ တခါတည်း ပြုတ်ပြုတ်ကျပြီး မီးပြတ်ပြတ်သွားတာ နေ့စဉ်ပေါ့ ခင်ဗျာ။

အဲသည်မှာ ‘ဘရိတ်ကာ’ မနိုင်လို့ဆိုလား ဘာလားလည်း ပါသဗျ။

“ဒီလို ‘အမှောင်ခေတ်’ ဖြစ်အောင် စွမ်းဆောင်တော်မူခဲ့တဲ့သူကို ‘မဟူရာ ကြင်စိုး’ လို့တောင်မှ နာမည်အသစ် ထပ်ပေးရမယ်ကွ ဖေကြီးရ”

“ဟားဟား ဟားဟား ဟားဟား . . . . အဘစောမူးသာက ‘နာမည်ပေး’ တဲ့နေရာမှာ ဆရာတဆူပဲ၊ ‘နာမည်ပေးဆြာ စောမူးသာ’ လို့ ဆိုင်းဘုတ်တင်ပြီး လုပ်စားရင် မကြာခင် တိုက်ဆောက်ရမှာဗျ”

“အာဟ . . . အာဟ . . . အာဟ”

(ခ)

စိမ်းသရဖူစိမ်း အဘစိမ်းမောင်တို့အိမ်ရောက်တော့ အစိမ်းအုပ်စုက အတော့်ကို အင်အားတောင့်တာ တွေ့ရပါသဗျ။ အစိမ်းပါတီ တီရှပ်တွေ ဝတ်ဆင်လာသူတွေလည်း အများသား။

သူတို့စကားသံတွေကို ကြားရသမျှကတော့ သူတို့အဘ မအလကြီး ကောင်းကြောင်းတွေနဲ့ နိုင်ငံတော်ကြီး အဘက်ဘက်က ဘယ်လိုတွေ တိုးတက်လာတော့မယ့်အကြောင်း မဟုတ်က ဟုတ်က ပေါက်တတ်ကရတွေချည်းပါလားဟလို့ အဘစောမူးသာက ပြုံးစိစိနဲ့ ခပ်တိုးတိုး ကပ်ပြောပါတယ် ခင်ဗျ။ ဖေကြီးကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပါပဲ။

အစည်းအဝေးက မစသေး၊ အစိမ်းအုပ်စု၏ အစိမ်းရောင်စကားလုံးတွေသာ ဖုံးလွှမ်းနေပါလေ၏။ မီးတွေပျက်တာ PDF တွေကြောင့်ဖြစ်ကြောင်း၊ ဘာမဆိုင်ညာမဆိုင် ဆွဲထည့်လာတာလည်း ပါ၏။ အဘစောမူးသာကား ထုံးစံအတိုင်း ပြုံးစိစိမှသည် ပြုံးဖြဲဖြဲ အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်ပါ၏။

“ဒါနဲ့ စိမ်းမောင်ရ . . . သိပ်မကြာခင်မှာ ‘လျှပ်စစ်ရထား’ တွေ ‘လျှပ်စစ်ကား’ တွေ ဖြစ်လာတော့မယ်လို့ ငါတော့ယုံတယ်”

“ဟေ . . . အဲ . . . အေး . . . အေးကွ”

ရုတ်တရက်ပြောလာသည့် အဘစောမူးသာ၏စကားကို ကြားပြီး အဘစိမ်းမောင်သာမက သူ့သာဝက အစိမ်းအုပ်စုမှာ ကြောင်အအတွေ ဖြစ်သွားကြပါလေ၏။ အဘစောမူးသာက ဖေကြီးကို အဓိပ္ပာယ်ပါပါ ပြုံးပြပါ၏။ သူ ဘယ်လိုတွေများ ‘ဖောက်’ မှာပါလဲ။

“မင်းတို့ရဲ့ စကစဥက္ကဋ္ဌကြီး ပြောခဲ့သလို လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေသာမကဘဲ ငါတို့ရွာမှာလည်း လျှပ်စစ်ဆိုင်ကယ်တွေ၊ လျှပ်စစ်ဂွန်ဒေါင်းတွေ၊ လျှပ်စစ်ထော်လာဂျီတွေ ရွာထဲမှာ ရှုပ်ရှက်ခတ်နေမှာ မြင်ယောင်နေသကွ”

“အဲ . . . အင်း . . . အေး . . . အေးကွ”

“လျှပ်စစ်အားသွင်းစက် ရွာထိပ်မှာ တခု၊ ရွာလယ်မှ တခု၊ ရွာ့အနောက်မှာ တခု၊ အားကုန်တာနဲ့ ကြိုက်တဲ့နေရာမှာ ဝင်သွင်း”

“- - - - - -”

အဘစောမူးသာက ရုပ်တည်တည်ဖြင့် အပီကို ‘လွှတ်’ နေလေရာ စိမ်းသရဖူစိမ်းအုပ်စုမှာ ဘယ်လိုတုံ့ပြန်ရမှန်းမသိ၊ ဇဝေဇဝါဖြစ်နေကြသည့် မျက်နှာတွေကို မြင်ရပါလေ၏ ခင်ဗျာ။ အဘစိမ်းမောင်က ခပ်သင့်သင့်ချိန်ဆ၍ ပြောလာပါလေ၏။

“အင်း . . . ဒါတွေဟာ မကြာခင်ဖြစ်လာမယ့်ဟာတွေဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ . .”

“ဒါပေမဲ့ ဘာဖြစ်သလဲ စိမ်းမောင်”

အဘစိမ်းမောင်က မပြောမဖြစ် ပြောလာပါလေ၏။ လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေ ဖြစ်လာမှာ ကျိန်းသေပေမဲ့ အခုအချိန်မှာ ‘လျှပ်စစ်မီး’ က အပြည့်အဝ မပေးနိုင်သေးကြောင်း၊ အဲသည်လျှပ်စစ်ကို အပြည့်အဝ ပေးနိုင်လာပြီဆိုတာနဲ့ တနိုင်ငံလုံးမှာ လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေနဲ့ ခေတ်မီတိုးတက်လာမှာပါ တဲ့။

“ဟိုအရင် ၅ နှစ်တုန်းက မီးမပျက်ခဲ့ဘူးနော် စိမ်းမောင်”

“အဲ . . . အဲ . . . အေး . . .”

“အဲသည်တုန်းက အစိုးရကလူတွေများ တယ်လည်း တုံးကြတာဟ၊ မီးတွေမှန်နေချိန်မှာ အဲသည် လျှပ်စစ်ရထားတို့ လျှပ်စစ်ကားတို့ လုပ်ဖို့ အကြံဉာဏ် မရှိကြဘူး”

“အေး . . . . . . အဲ”

အလိုက်အထိုက်သာ ပြောနေရသည်၊ အဘစိမ်းမောင့်မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်လာပါလေ၏။ အဘစောမူးသာကား အစိမ်းအုပ်စုကြားမှာ ဘာကိုမှ အမှုထားပုံမပေါ်၊ သူပြောလိုရာကိုသာ ဆက်လက်၍ ပြောနေပါလေ၏။

(ဂ)

“‘လျှပ်စစ်’ အပြည့်အဝ ရတာနဲ့ စောစောကဟာတွေဟာ အကုန်လုံး ဖြစ်လာမှာပါကွာ”

“ဟုတ်တယ်လေ စိမ်းမောင်ရဲ့၊ ငါလည်း အဲဒါကိုပဲ ပြောနေတာလေ”

“နစကဥက္ကဋ္ဌကြီးလည်း အဲသည် ‘လျှပ်စစ်ကိစ္စ’ ကိုပဲ အထူးဦးစားပေး အစီအစဉ်နဲ့ ကြိုးပမ်းနေတာလေကွာ”

“ဒါကြောင့် ငါပြောတာပေါ့ကွ . . . ငါ့စိတ်ထင်တော့ သိပ်မကြာခင်မှာ အဲသည် ‘လျှပ်စစ်တွေ’ ပေါပေါများများ ရလာတော့မယ်ကွ”

“ဟေ . . . အေး . . .”

သို့ဖြင့် အဘစောမူးသာမှာ ကြင်စိုး သာဝ စကစ မအလကြီး၏ ယခုနောက်ဆုံး အရူးထသည့် အကြံအစည်ကို ဖော်ထုတ်ပါလေတော့၏။ မအလဟာ ပြည်သူတွေဆီက ပိုလျှံနေတဲ့ ‘လျှပ်စစ်’ တွေကို ဝယ်ယူမည်ဆိုကြောင်း၊ တယူနစ်ကို ‘၈၅ ကျပ်’ ပေးကာ ဝယ်ယူမှာဖြစ်ကြောင်းပေါ့ ခင်ဗျာ။

သည့်အတွက် တနိုင်ငံလုံးက ပြည်သူတွေ၏ ‘အိမ်ခေါင်မိုးတွေ’ ပေါ်မှာ နေရောင်ခြည်စွမ်းအင်စု ပေးမည့် ‘ဆိုလာပြားတွေ’ အိမ်တိုင်းစေ့ တတ်ကြဖို့လိုကြောင်း၊ ရရှိလာသည့် စွမ်းအင်တွေကို ကြင်စိုး သာဝ စကစတို့က အကုန်လုံး ဝယ်ယူသွားကာ ပြည်သူလူထုကို ပြန်လည်၍ ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း ခပ်ရွှင်ရွှင်ဖြင့် ပြောနေပါလေ၏။

စိမ်းသရဖူစိမ်းအုပ်စုကား သူတို့အဘ၏ အရူးထသည့် အကြံအစည်ကို သိပြီးဖြစ်သော်ငြား အဘစောမူးသာ၏ ထပ်ဆင့်လွှင့်ထုတ်ချက်ကို စိတ်မသက်သာစွာဖြင့် သည်းခံနားဆင်နေကြရပါလေ၏။

“ကဲ ကဲ . . . ပြန်ကြအုံးစို့ ဖေကြီးရေ”

“အ . . . အရေးကြီးအစည်းအဝေး . . ဆို”

“အို . . . သည့်ထက်အရေးကြီးတာလုပ်ဖို့ရာ အိမ်ကိုအမြန်ပြန်ပါမှ”

အဘစိမ်းလွင်တို့ကား မတားကြပါလေ။ အဘစောမူးသာကို မြန်မြန်ပြန်စေ့ချင်သည့် မျက်နှာများကိုသာ တွေ့ရပါလေ၏။ အဘစောမူးသာကား ရုတ်တရက် ‘တဟားဟား’ ထရီကာ ဤသို့ ပြောပါလေ၏ ခင်ဗျာ။

“ကဲ ကဲ . . ဖေကြီး ထထ . . အခုလောက်ဆို ငါတို့အိမ်မှာ ‘ဆိုလာပြား’ လာတပ်မယ့် ကုမ္ပဏီကပုဂ္ဂိုလ်တွေ ရောက်တော်မူနေကြပြီ ထင်သကွ . . . အာဟ . . . အာဟ”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013