DVB Logo
Home
မြန်မာသတင်း
PDF ဂိမ်းဆက်လက်ကစားပြီး တော်လှန်ရေးအတွက် ထောက်ပို့လုပ်ကြရန် တိုက်တွန်း
DVB
·
April 26, 2023
PDF ဂိမ်းဆက်လက်ကစားပြီး တော်လှန်ရေးအတွက် ထောက်ပို့လုပ်ကြရန် တိုက်တွန်း
Donate to DVB

PDF ဂိမ်းကစားရင် အရေးယူမယ်လို့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကထုတ်ပြန်ထားတာဟာ ပြည်သူလူထုကို ခြောက်လှန့်ဖို့ သက်သက်ဖြစ်ပြီး  ဂိမ်းဆက်လက်ကစားကြရင်း  ထောက်ပို့လုပ်တာကို မရပ်တန့်ကြဖို့  ပြည်သူတွေ အချင်းချင်း တိုက်တွန်းထားပါတယ်။

ထောက်ပို့ ချန်နယ်တခုဖြစ်တဲ့ ပဒေသာပင်ဦးဆောင်သူ ကိုပဒေသာက “ခေတ်သစ်နည်းပညာတွေနဲ့ တော်လှန်ရေးကို ထောက်ပံ့ဖို့ လူငယ်တွေကြိုးစားတဲ့အခါမှာ  ဂိမ်းကစားရုံ၊ ကလစ် လုပ်ပေးရုံနဲ့ တော်လှန်ရေးအဖွဲ့တွေဆီ ဝင်ငွေတွေ စီးဆင်းနေတာပါ။ လစဉ် များပြားတဲ့ ဝင်ငွေတွေကြောင့် စစ်ကောင်စီက တော်လှန်ရေးကို ထောက်ပံ့ဖို့ တီထွင်ဖန်တီးထားတဲ့ PDF game တွေ ထောက်ပို့ အက်ပလီ ကေးရှင်းတွေ အသုံးပြုတဲ့ပြည်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ အကြိမ်ကြိမ်ထုတ်ပြန် ကြေညာနေတာပါ၊ ဒီလိုကြေညာတာက စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှု သက်သက်သာဖြစ်ပြီး ပြည်တွင်းက ထောက်ပို့တွေအနေနဲ့ လုံခြုံတဲ့ နည်းလမ်းတွေကြိုတင်ပြင်ဆင်ပြီး ဆက်လက်ထောက်ပို့ပေးကြပါ”လို့ ပြောပါတယ်။

PDF ဂိမ်းကစားရင် အရေးယူမယ်လို့ စစ်ကောင်စီက နေ့စဉ်သတင်းစာတွေကနေ ထုတ်ပြန်ကြေညာနေတာဖြစ်ပြီး Click app တွေကနေရတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ချင်လို့ လုပ်ဆောင်တာလို့လည်းဆိုပါတယ်။

ကိုပဒေသာက “ဒီကနေရတဲ့ ဝင်ငွေက များတယ်ပေါ့နော်။ လစဉ် လတိုင်းမှာ ဒီ PDF game အပါအဝင် တခြားသော ချန်နယ်တွေ တခြားသော အက်ပလီကေးရှင်းတွေက ရသောဝင်ငွေက ပမာဏများတယ်။ လစဉ်လည်းရနေတာဖြစ်တယ်။ ပြီးတော့ ဘယ်လိုမှ trace လိုက်လို့မရဘူးပေါ့နော်။ နောက်တခုကတော့ လူထုကို အကြောက်တရားသွင်းတာပေါ့နော် ဒီလို ကြေညာချက်မထုတ်လည်း ကျနော်တို့ကို သူတို့ စိတ်ရှိသလို သူတို့ လုပ်ချင်သလို လုပ်မှာပဲ။ ဥပဒေဆို တာ မသိဘူး။ တရားမျှတမှုဆိုတာ မသိဘူး ကြေညာချက်ထုတ်တယ်ဆိုတာ ရှင်းရှင်းလေး ကျနော်တို့ကို ကြောက်အောင်ခြောက်တာပဲ။ ဒီလို အကြောက်တရားပေးနေတဲ့သူတွေကို ပြုတ်ကျသွားတဲ့အထိ ကျနော်တို့စွမ်းဆောင်ရမယ်။ ဒါမှပဲ အကြောက်တရား ကင်းကင်းနဲ့ကျနော်တို့ နေနိုင်မှာ”လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း အခုလို နည်းတူ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ ဂိမ်းတွေ အက်ပလီကေးရှင်းတွေကရတဲ့ ထောက်ပို့ ငွေကြေးစီးဆင်းမှုက ရပ်တန့်သွားတာမျိုးမရှိခဲ့ပါဘူး။

ပြည်တွင်းမှာ အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးတာတွေရှိနေပေမယ့်လည်း ထောက်ပို့အလုပ်တွေ ရပ်မသွားဖို့ကို အစစ်အဆေး အဖမ်းအဆီးတွေများနေတဲ့ကြားက ထောက်ပို့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မန္တလေးက ပြည်သူတစ်ယောက်က ပြောပါတယ်။

“သိပ်ပြီးတော့ ဂရုစိုက်စရာမလိုဘူးလို့ ထင်ပါတယ်။ ထုတ်ပြန်ချက်ထုတ်တာနဲ့ပဲ ထောက်ပို့ ကလစ်တာကို ရပ်မသွားစေချင်ဘူးပေါ့နော်။ ဒါကြောင့် စိုးရိမ်ပြီးတော့ ရပ်လိုက်မယ်ဆိုရင် ကျမတို့ အကျဉ်းထောင်တွေထဲမှာ ရောက်နေကြတဲ့ အိုးဘိုထဲမှာပဲဖြစ်ဖြစ် တောထဲမှာပဲဖြစ်ဖြစ် ရောက်နေကြတဲ့ ကျမတို့ သူငယ်ချင်းတွေ ရှိတယ်ပေါ့နော်။ အဲ့လိုလူတွေရဲ့ မျက်နှာကိုပြန်ပြီးတော့ မြင်ယောင်ပေးပါ။ အဲတာတွေ မြင်ပြီးတော့ ကလစ်ကာတွေကို ရပ်မသွားစေချင်ဘူး။ ဒါက ကျမတို့ ထောက်ပို့တွေအတွက် safe အဖြစ်ဆုံး ထောက်ပို့နည်းဆိုတော့ဒီကလစ်ကာနည်းနဲ့ပဲ စစ်အာဏာရှင်ပြုတ်ကျရေးကို တက်နိုင်သမျှ ပါဝင်သွားစေချင်တယ်။ ထုတ်ပြန်ချက်ကြောင့် ရပ်သွားတာမျိုးတော့ မဖြစ်စေချင်ဘူး။”

ပြည်တွင်းက ကလစ်လုပ်သူတွေအနေနဲ့ လုံခြုံမှုအားနည်းနေတဲ့ကြားက ထောက်ပို့လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အချိန် ပြည်ပက ကလစ်ကာတွေကလည်း အခုထက်ပို တော်လှန်ရေးထောက်ပို့ လုပ်ငန်းတွေမှာ အားစိုက် ပေးဖို့ကို ပြည်ပရောက် မြန်မာနိုင်ငံသားတစ်ယောက်က လည်း ပြောပါတယ်။

“အခု ဒီဂိမ်းကစားတဲ့အပေါ်မှာ ခြိမ်းခြောက်မယ်။ ခြောက်လှန့်မယ်။ ပြည်သူလူထုကို အကြောက်တရားနဲ့ အုပ်ချုပ်မယ်ဆိုတဲ့ အတွေးမျိုးက သူတို့ခေါင်းထဲမှာ ရှိနေတာပေါ့နော် စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကနေတဆင့် ဒီဂိမ်းတွေကစားရင် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်လိုက်တယ်ပေါ့နော်။ ဒါဆိုရင် ပြည်ပကိုရောက်နေတဲ့ ကျမတို့လို ထောက်ပို့လုပ်နေတဲ့သူတွေအတွက်ကျတော့ ဘာမှ သူတို့ လုပ်လို့ မရဘူးပေါ့နော်။ ပြည်ပမှာ ရှိနေတဲ့သူတွေက ဒီထက်ပိုပြီးတော့ ဂိမ်းတွေကလစ်တွေ ပိုပြီးတော့ ကစားပြီးတော့ တော်လှန်ရေးကို ထောက်ပံ့လို့ရတယ်ပေါ့နော်”

တော်လှန်ရေးထောက်ပို့ ချန်နယ်တွေ၊ အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေကနေ နှစ်စဉ် သိန်းထောင်ချီက စစ်ကောင်စီပြုတ်ကျရေးအတွက် တော်လှန်ရေးအဖွဲ့တွေဆီ စီးဝင်နေတာပါ၊ စစ်ကောင်စီရဲ့ ဧပြီ ၂၅ ရက်က ထုတ်ပြန်ကြေညာချက်ထဲမှာတော့ PDF ဂိမ်းကစားတာက လူငယ်လူရွယ်တွေက တပ်မတော်အပေါ် အထင်မြင်လွဲမှားစေတဲ့အတွက် PDF ဂိမ်းကစားရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013