
ကမ္ဘာ့ခေါင်းဆောင် ၁၃၀ နီးပါး တက်ရောက်မဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အထွေထွေဆွေးနွေးပွဲ (General Debate) ကို စက်တင်ဘာ ၂၂ ရက်နေ့ နယူးယောက်မြို့မှာ စတင်မှာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းစစ်ပွဲတွေအပြင် အသိဉာဏ်တုနည်းပညာ (AI) ရဲ့ အန္တရာယ်တွေကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အထွေထွေညီလာခံမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်ပြီး နိုင်ငံ ကြီး၊ ငယ်မရွေး မဲတမဲစီ တန်းတူရပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မိန့်ခွန်းအစီအစဉ်မှာ အစဉ်အလာအရ ဘရာဇီးက ပထမဆုံး ပြောပြီး အိမ်ရှင်အမေရိကန်က ဒုတိယအလှည့် ရပါတယ်။
အစောပိုင်းညီလာခံတွေမှာ တခြားနိုင်ငံတွေက ပထမဆုံး စင်ပေါ်ထွက်ပြောဖို့ တွန့်ဆုတ်နေချိန် ဘရာဇီးက ရှေ့ထွက်ခဲ့တာကြောင့် ဒီအစဉ်အလာ ဖြစ်လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၂၂ ရက်မှာ မိန့်ခွန်းပြောမှာဖြစ်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။
ထရမ့်ပ်က ကုလသမဂ္ဂအတွက် အမေရိကန် ထည့်ဝင်တဲ့ ရန်ပုံငွေကို လျှော့ချပြီး ကုလအဖွဲ့အစည်းအများအပြားကနေ နုတ်ထွက်ထားချိန်မှာ ကုလသမဂ္ဂဟာ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးဖိအားတွေ ရင်ဆိုင်နေရပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “ကမ္ဘာတဝန်း အကြီးအကျယ် ဘေးဒုက္ခကြုံရတာကို ရှောင်နိုင်ဖို့ AI အတွက် ဘုံကာကွယ်ရေးစည်းမျဉ်းတွေ လိုတယ်” လို့ ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ကုန်ဈေးနှုန်းတွေ တက်နေပြီး ဟူသီအဖွဲ့ကလည်း အဓိကရေကြောင်းလမ်းကို ခြိမ်းခြောက်နေပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ပင်လယ်နက်ရေကြောင်းပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာနဲ့ စွမ်းအင်တင်ပို့ရေး ထိခိုက်နေတာကလည်း ဆွေးနွေးစရာ ဖြစ်နေပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ညီလာခံမတက်ဘဲ စက်တင်ဘာ ၂၄ ရက်နေ့ ဝါရှင်တန်မှာ ထရမ့်ပ်နဲ့ သီးခြားတွေ့ဆုံမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်ရဲ့ သက်တမ်းက ဒီနှစ်ကုန်မှာ ပြည့်မှာဖြစ်လို့ သူ့နေရာ ဆက်ခံမဲ့သူ ရွေးချယ်ရေးကလည်း အာရုံစိုက်စရာ ဖြစ်နေပါတယ်။











