DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးဆွေးနွေးပွဲ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပ၊ အကြမ်းဖက်မှုရပ်တန့်ရန် တိုက်တွန်း
DVB
·
April 26, 2023
မြန်မာ့အရေးဆွေးနွေးပွဲ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပ၊ အကြမ်းဖက်မှုရပ်တန့်ရန် တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အကြမ်းဖက်မှုဖြစ်ရပ်တွေ ပိုမိုများပြားလာတာကြောင့် Track 1.5  လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတရပ်ကို ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ (ICWA)ရဲ့ စီစဉ်မှုနဲ့ ဧပြီလ ၂၅ရက်က နယူးဒေလီမြို့မှာ ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးရဲ့ ပထမအကြိမ်ကို  ပြီးခဲ့တဲ့မတ်လတုန်းက ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာပါ။ အိန္ဒိယနိုင်ငံက ကမကထပြုလုပ်တဲ့ ဒုတိယအကြိမ် အစည်းအဝေးပွဲမှာတော့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုရပ်တန့်ရေး အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေကို ဦးစားပေးဆွေးနွေးခဲ့ကြတယ်လို့ တရားဝင်သတင်းရင်းမြစ်အရ သိရပါတယ်။

Track 1.5 ဆွေးနွေးပွဲတွေဟာ တရားဝင်နဲ့ တရားဝင်မဟုတ်တဲ့ ပညာရှင်တွေက နိုင်ငံတစ်နိုင်ငံရဲ့ ပဋိပက္ခအရေးကိစ္စတွေကို ပူးပေါင်းဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးအဖြေရှာကြတဲ့ သံတမန်ရေးရာ အသုံးအနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါတယ်။

ဒီအစည်းအဝေးအတွင်း အိန္ဒိယနိုင်ငံကလည်း အာဆီယံနိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပက်သက်ပြီး အကြမ်းဖက်မှုလျော့ချရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု နှိမ်နင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအပြင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေမှာ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ရာမှာလည်း " အရှိန်မြှင့် မြန်ဆန်နေဖို့ လိုအပ်တယ်ဆိုပြီး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား အပါအဝင် နိုင်ငံအများအပြားက သဘောတူ ညီခဲ့ကြပါတယ်။

ဒေသတွင်းနိုင်ငံတွေအနေနဲ့ အာဆီယံရဲ့ ကြိုးပမ်းချက်တွေအပေါ်မှာ ဆက်လက်ထောက်ခံ ပေးဖို့ လိုအပ်တဲ့အပြင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေအပေါ် နှိမ်နင်းနိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချဉ်းကပ်မှုတစ်ခု လိုအပ်နေပြီ ဖြစ်တယ်လို့ ဒီအစည်းအဝေး မှာ သဘောတူညီခဲ့ကြပါတယ်။ 

ဒီဆွေးနွေးပွဲမှာ နိုင်ငံအသီးသီးက ပြင်ပအကြံပေးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ပညာရှင်တွေလည်း တက်ရောက်ခဲ့ကြတာကို တွေ့ရပြီး မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံက အကြမ်းဖက်မှုလျှော့ချရေးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နိုင်ငံရေးအခင်းအကျင်းတစ်ခု ဖန်တီးကြဖို့ကိုပါ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီး ၂လအကြာမှာ အာဆီယံက ထုတ်ပြန်ခဲ့တဲ့  အချက်ငါးချက်ပါ ဘုံသဘောတူညီကိုလည်း စစ်ကောင်စီအနေနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်လာအောင် ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးက ဒီလို ဆွေးနွေးအဖြေရှာရေး လမ်းကြောင်းကိုပါ အပြိုင်ထားရှိဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒီအစည်းအဝေးအတွင်း မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်တွေထဲမှာ စစ်ကောင်စီရဲ့ အရပ်ဘက်အရာရှိတွေသာ ပါဝင်တယ်လို့ သိရပြီး အိန္ဒိယနိုင်ငံဘက်မှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ မြန်မာဌာနခွဲနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံက တော်လှန်ရေးလှုပ်ရှားမှုတွေကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရ၊ မီဂါလေနဲ့ မီဇိုရမ်ပြည်နယ်တွေမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့လည်း စစ်ကောင်စီနဲ့ နှစ်နိုင်ငံအကြားဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

အိန္ဒိယစစ်တပ်အနေနဲ့လည်း နိုင်ငံရဲ့အရှေ့မြောက်ပိုင်းကတဆင့် မြန်မာနိုင်ငံက တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ မဝင်ရောက်လာနိုင်အောင် ကာကွယ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်တင်ခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကာလီတာကတော့ “မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတဲ့အခါ စစ်ရေးပဋိပက္ခကို ရှောင်ရှားနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံဘက်အခြမ်းကို မြန်မာပြည်သူတွေ ရောက်လာတတ်ပါတယ်။ ဒီဘက်ခြမ်းကို ဝင်ရောက်လာတဲ့အခါ လက်နက်ကိုင်ဆောင်ထားခြင်း မရှိသူကိုသာ ခွင့်ပြုမှာဖြစ်သလို ဒါဟာ စစ်တပ်ရဲ့တာဝန်လည်း ဖြစ်ပါတယ်။ အိန္ဒိယပိုင်နက်ထဲကို လက်နက်ကိုင်ဆောင်ထားတဲ့ ဘယ်သူမှ မဝင်ရောက်နိုင်ဖို့က စစ်တပ်ရဲ့ဝတ္တရားလည်း ဖြစ်ပါတယ်" ဆိုပြီး ဒီတစ်ပတ် အစောပိုင်းမှာ သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။

၂၀၁၉ ခုနှစ်မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်ရေး နားလည်မှုစာချွန်လွှာကို ၂နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး  သက်ဆိုင်သူတွေအကြား ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက် Track 1.5 အလွတ်သဘောဆွေးနွေးပွဲ ပဏာမခြေလှမ်းကို ထိုင်းနိုင်ငံက စတင်အကောင်အထည်ဖော်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအပေါ်  ဆန့်ကျင်ကာ ဒီမိုကရေစီလိုလားတဲ့ အရပ်ဘက်တော်လှန်ရေး အင်အားစုတွေရဲ့ လက်နက်တိုက်ခိုက်မှုတွေကလည်း နိုင်ငံတဝန်း ဖြစ်ပေါ်နေပြီး ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့မှာပါ တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံရဲ့ နယ်မြေအများအပြားမှာ ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013