
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီ အရပ်၀တ်အင်အား ၃၀ ကျော်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ ည ၇ နာရီလောက်မှာ စစ်ကောင်စီရဲ့ မြို့နယ်စည်မံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဗိုလ်မှူး ကြည်မျိုးလွင်နဲ့ လူအုပ်စုတစုက လာဖျက်ကြတာလို့ သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာ၀န်ရှိသူတယောက်က ပြောပါတယ်။
“ရှေ့ကအလံတိုင်တွေတောင် မချန်ဘူး၊ အကုန်ဖျက်နေကြတာ။ ညနေ ကျနော် သတင်းရချိန်အထိတော့ ရှေ့ပိုင်းတွေ အကုန်ဖြိုချပြီးသွားပြီ၊ ဆက်တော့လုပ်နေတုန်းပဲ။ မီးလည်း ဖျက်ထားတယ်၊ သူတို့က အရင်အကြောင်းကြားတာတို့တောင် မလုပ်ဘူး။ ရုံးကို ပိတ်သိမ်းပါတို့၊ ဆိုင်းဘုတ်ဖြုတ်ပါတို့ ဘာတို့ ဘာတခုမှ အကြောင်းမကြားပါဘူး။ လူမိုက်ဆန်ဆန်၊ လူရမ်းကားဆန်ဆန် လာလုပ်သွားကြတာ။ နောက်ပြီး ဗိုလ်မှူး ဆိုတဲ့သူကပါ ဦးဆောင်ပြီး လုပ်တာဆိုတော့ တော်တော်လေး အံ့ဩမိတယ်။ အရပ်၀တ် လူအုပ်ကတော့၊ ပျူ နဲ့ မဘသတွေ။ သာယာ၀တီမှာက မဘသ အရမ်းအားကောင်းတာ။ ပြီးခဲ့တဲ့ တလလောက်ကလည်း ၀ီရသူ လာတော့ ပွဲအကြီးကြီး လုပ်ပေးကြတာ။"
သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆရာစံမြို့သစ်၊ လ.၀.က ရုံးဘေးမှာ တည်ရှိပြီး ပျဉ်ထောင် သွပ်မိုး အဆောက်အဦတခု ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ ပဲခူးတိုင်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖျက်ဆီးခံရတာ ပထမဆုံး ဖြစ်ပါတယ်။