DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံနှင့် တန့်ဆည်တွင် စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
April 25, 2023
ဖယ်ခုံနှင့် တန့်ဆည်တွင် စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
1 / 3
Donate to DVB

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့၊ မြောက်စလုံးကျေးရွာတိုက်ပွဲအတွင်း ခဲယမ်းတချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးတယ်လို့ The Karenni Information Centre (KnIC) က ထုတ်ပြန်ပါတယ်။

မြောက်စလုံးကျေးရွာအတွင်း စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်က စတင်စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

 ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီတပ်မတော် (KA) တပ်ရင်း-၅ အပါအဝင် ကရင်နီပူးပေါင်းတပ်တို့က ချေမှုန်းရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်က သေဆုံးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မြောက်စလုံးကျေးရွာကို တိုက်လေယာဉ် ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့တပ်မှာ အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ရှမ်းပြည်နယ်အခြေစိုက်တပ်တွေဖြစ်ပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၂၃ ရက် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း KNDF တပ်ရင်း ၁၁ မှ အသက် ၂၂ နှစ်အရွယ် ရဲဘော် ဒါးဝီ ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း-၁၁ က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာလည်း  နားဋောင်းကျရွာ ပျူစောထီးစခန်းကို  ဧပြီ ၂၅ ရက် မနက် ၃ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါ နားဋောင်းကျရွာဟာ စစ်ကောင်စီကိုထောက်ခံတဲ့ ဘုန်းကြီးဦးဝါသဝ ကိုယ်တိုင် ပျူသင်တန်းပေးထားတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ ရဲဘော်တဦးက “မနက်လင်းပိုင်း ၃ နာရီက အဲဒီရွာကို ဝင်စီးခဲ့တာ။ ပျူနဲ့ စကစ စုစုပေါင်း ၁၂ ယောက်သေတယ်။ စခန်းလည်း သိမ်းနိုင်ခဲ့တယ်ဗျ။ လက်နက် ၇ လက်လည်း ရတယ်။ ယမ်းတွေ၊ ကျည်တွေလည်း ရတယ်ဗျ။ အမျိုးအစားတွေကိုတော့ သေချာမသိရဘူး။ ရတဲ့လက်နက်နဲ့ ကျည်၊ ယမ်းတွေကို တပ်ရင်းတွေက သိမ်းသွားကြတာလေ။ တိုက်ပွဲကြာချိန်က တနာရီနီးပါး ကြာလိမ့်မယ်” လို့ ပြောပါတယ်။

တန့်ဆည် ပကဖ၊ တန့်ဆည် Mobile PDF အဖွဲ့၊ ရွှေဘိုခရိုင် PDF တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၉၊ တပ်ရင်း ၁၂၊ တပ်ရင်း ၂၅ တို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့   ဒေသခံ‌‌ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေမှာ ဘုန်းကြီး ဦးဝါသဝကနေ ဒေသခံပြည်သူတချို့ကို ခြိမ်းခြောက်ဖိအားပေးကာ ပျူသင်တန်း တက်ခိုင်းတာကြောင့် ၂ မြို့နယ်ပေါင်း ပျူရွာ ၅၀ ခန့်အထိ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတာလည်း ရှိနေတယ်လို့ ကျွန်းလှမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးကပြောပါတယ်။

အခုပျူစခန်းဟာလည်း ကန့်ဘလူမြို့နယ်နဲ့ တန့်ဆည်မြို့နယ်နှစ်ခုကြား နယ်စပ်ရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013