ကချင်ပြည်နယ်၊ ရွှေကူမြို့ဘက်ကနေ ငအိုး ၁၂၁ တပ်ရင်းကို ဆင်းလာတဲ့ ဒေသခံ ၃၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လမ်းတလျှောက်က ဖမ်းဆီးလာတဲ့သူတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီး လာတာကြောင့် တိုက်ပွဲအရှိန် လျှော့လိုက်ရတယ်လို့ ဆိုပါတယ်။
ကသာမြို့နယ် ပ.က.ဖတာဝန်ရှိသူက “အဲဒီစစ်ကြောင်းက ရွှေကူဘက်ကနေ ငအိုးတပ်ကို ဝင်ဖို့သွားတာ။ လမ်းခုလတ်မှာပေါ့။ နောင်းပါတိတ် ဆိုတဲ့ ရွာမှာ ၄ နာရီကနေ ၅ နာရီ ဝန်းကျင်လောက်မှာ တိုက်ပွဲအနည်းအကျဉ်းလောက်ပဲ လုပ်လိုက်တယ်။ ပြည်သူတယောက်၊ စစ်သားတယောက် ဆိုတော့ ဘယ်လိုမှ လုပ်လို့မရဘူး” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းကို ဧပြီ ၂၄ ရက် ညနေ ၅ နာရီလောက်မှာ မဘိန်းမြို့နယ် နောင်းပါတိတ်ရွာမှာ တကြိမ်နဲ့ ကသာမြို့နယ် အင်းဒရဲရွာမှာ ည ၇ နာရီလောက်မှာ တကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိ အဲဒီစစ်ကြောင်းဟာ ငအိုး ၁၂၁ တပ်ရင်းထဲ ဝင်ရောက်သွားပြီလို့ သတင်းရရှိပြီး ဒေသခံ သုံး လေးယောက်သာ တိုက်ပွဲဖြစ်ပွားချိန် ထွက်ပြေးနိုင်ခဲ့ကာ အများစုကတော့ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။