DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတဝန်း လေပြင်းတိုက်၊ မိုးကြိုးပစ်ပြီး မိုးသီးများကြွေနိုင်
DVB
·
April 25, 2023
မြန်မာနိုင်ငံတဝန်း လေပြင်းတိုက်၊ မိုးကြိုးပစ်ပြီး မိုးသီးများကြွေနိုင်
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက မြို့နယ်တချို့မှာ လေပြင်းတိုက်လို့ အိမ်တော်တော်များများ ပျက်စီးသွားခဲ့ပြီး လာမယ့်ရက်တွေမှာလည်း မြန်မာတနိုင်ငံလုံးနီးပါး လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်၊ မိုးသီးကြွေတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ မိုးလေဝသအခြေအနေတွေကို ခန့်မှန်းပေးနေတဲ့ ပညာရှင်တယောက်ဖြစ်သူ မစုစုစံကတော့ မုံရွာ၊ ဘုတလင်၊ မိတ္ထီလာ၊ မော်လူး၊ မော်ဟန်၊ မိုးညှင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့မြို့တွေမှာ မုတ်သုံကြိုမိုးတွေရွာပြီး လျှပ်စီးမိုးကြိုး အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။

မုတ်သုံလေမဝင်ခင်မှာ ရွာတဲ့မိုးကို မုတ်သုံကြိုမိုးလို့ခေါ်ပြီး နွေရာသီ ကုန်းတွင်းအပူချိန် မြင့်တက်လို့ မိုးတိမ်တောင်တွေ ဖြစ်လာတာလို့ ဆိုပါတယ်။

အမြင့်ပေ ၈,၀၀၀ ကနေ ၁၂,၀၀၀ မှာရှိတဲ့ လေအေးနဲ့ ထိတွေ့ကြတဲ့အခါ လျှပ်စီးလက်တာ၊ မိုးခြိမ်း မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ ရုတ်တရက် လေပြင်းတိုက်တာ စတဲ့ အန္တရာယ်တွေ ရှိနိုင်ပြီး လာမယ့် ၂ ပတ်လောက်အတွင်း မုတ်သုံကြိုမိုးတွေ ရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကတော့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်တာ အားကောင်းနေတယ်လို့ ဧပြီ ၂၄ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မိုးတိမ်တောင်တွေ ရွေ့လျားရာတလျှောက်မှာ မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးထစ်ချုန်းတာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဧပြီ ၂၂ ရက် မနက်ပိုင်းက ညောင်ဦးမြို့နယ်၊ သပွတ်စုကျေးရွာမှာ လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၂ လုံး အမိုးလန် ပျက်စီးခဲ့ပြီး ညနေပိုင်းမှာလည်း ပျဉ်းမနားမြို့နယ်က အောင်ချမ်းသာကျေးရွာ၊ သကြားစက်ကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ ဆင်သေကျေးရွာ၊ သနပ်ပင်ဆိပ်ကျေးရွာနဲ့ ရွာကောက်ရပ်ကွက်တို့မှာ လေပြင်းတိုက်လို့ သစ်ပင်ကြီးတွေ လဲကျခဲ့သလို အိမ်နဲ့ ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။

လယ်ဝေးမြို့နယ်ထဲမှာလည်း ဧပြီ ၂၃ ရက် ညနေပိုင်းက လေပြင်းတိုက်လို့ လက်ပံခုန်ကျေးရွာ၊ ကွမ်းခြံကျေးရွာ၊ ချောင်းခွကျေးရွာ၊ ဇောင်ချမ်းကုန်းကျေးရွာ၊ သဲကောလေးကျေးရွာတို့မှာ အိမ်တချို့ ပျက်စီးခဲ့ပါတယ်။ လယ်ဝေးမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ဧပြီ ၂၁ ရက် ညနေပိုင်းက လေဆင်နှာမောင်းတိုက်လို့ လူ ၆ ယောက် သေဆုံးပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးသွားပါတယ်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ထဲမှာလည်း မင်းကုန်းကျေးရွာ၊ မရမ်းခုံကျေးရွာ၊ အောင်ချမ်းသိမ်းကျေးရွာ၊ ဘုရားတောင်ကျေးရွာတို့မှာ လေပြင်းတိုက်လို့ အိမ်ခြေ ၂၀ လောက်နဲ့ ဝန်ထမ်းအိမ်ရာ အဆောင်တခုတို့ ပျက်စီးခဲ့ပါတယ်။

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်က ကုန်းသာကျေးရွာမှာလည်း လေပြင်းကြောင့် လူနေအိမ်တချို့ ပျက်စီးပြီး ပဲခူးတိုင်း ရွှေတောင်မြို့နယ်မှာ ဧပြီ ၂၂ ရက် ညပိုင်းက ရုတ်တရက် လေပြင်းတိုက် မိုးရွာခဲ့လို့ သရက်တောရပ်ကွက်၊ ကျီးသဲကျေးရွာအုပ်စု၊ သာစီကုန်းကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ မြို့မကျေးရွာအုပ်စု၊ ဒုရင်ဒုဘို ကျေးရွာအုပ်စု၊ နွားခြံကုန်းကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာအုပ်စုတို့မှာ လူနေအိမ် ၆ လုံး ပြိုကျခဲ့ပြီး လူနေအိမ် ၅၀ လောက် ပျက်စီးခဲ့သလို အထည်စက်ရုံ ဂိုဒေါင်တခုလည်း အမိုးလန် ပျက်စီးခဲ့ပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာ ဧပြီ ၂၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ် မိုးရွာခဲ့လို့ ရပ်ကွက် ၁၀ ခု၊ ကျေးရွာ ၁၀၀ ကျော်မှာ အိမ်ပေါင်း ၅၀ ကျော် ပြိုကျပျက်စီးပြီး အိမ်ပေါင်း ၆၀၀ ကျော် အမိုးလန် ပျက်စီးခဲ့ပါတယ်။ နတ်မောက်မြို့နယ်မှာလည်း ရပ်ကွက် ၇ ခုနဲ့ ကျေးရွာ ၂၀ မှာ အိမ်ပေါင်း ၃၀၀ လောက် ပျက်စီးခဲ့ပါတယ်။

မန္တလေးတိုင်းထဲမှာလည်း ဧပြီ ၂၄ ရက် မနက်ပိုင်းက လေပြင်းတိုက်ခတ်လို့ အောင်မြေသာစံမြို့နယ်မှာ လူနေအိမ်တွေ၊ လျှပ်စစ်မီးတိုင်တွေနဲ့ စာသင်ကျောင်း၊ စေတီတို့ ပျက်စီးခဲ့ပြီး အမရပူရမြို့နယ်မှာတော့ ပေါက်ချိုင်ကုန်းကျေးရွာ၊ ဂျိုရွာကျေးရွာ၊ ကန်ရိုးကျေးရွာ၊ မန်ကျည်းကိုင်းကျေးရွာအုပ်စုနဲ့ ဒေါင်းရွေးကျေးရွာအုပ်စုတို့မှာ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

မတ္တရာမြို့နယ်မှာလည်း တောင်ပြုံးကြီးကျေးရွာ၊ ဆူးကားကျေးရွာ၊ ပေါက်ဝဲကျေးရွာ၊ ဥဒေါင်းကျေးရွာနဲ့ သပြေသာကျေးရွာတို့မှာ လူနေအိမ်တွေနဲ့ စာသင်ကျောင်း၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တစ်ပင်ကျေးရွာနဲ့ သပိတ်ကျင်းမြို့နယ်၊ ပေါက်တစ်ပင်ကျေးရွာတို့မှာ လူနေအိမ်တွေ၊ လျှပ်စစ်မီးတိုင်တွေနဲ့ စေတီတွေ အမိုးလန်၊ ပြိုကျပျက်စီးခဲ့ပါတယ်။

တံတားဦးမြို့နယ်က သာယာအေးကျေးရွာမှာလည်း မူလတန်းကျောင်းတကျောင်း ပျက်စီးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013