DVB Logo
Home
မြန်မာသတင်း
အာဏာတလွဲသုံးနေသည့် ပအဖ၊ ပကဖများကို အရေးယူရန် NUG ကို လူထုသပိတ် ကော်မတီများ တိုက်တွန်း
DVB
·
April 25, 2023
အာဏာတလွဲသုံးနေသည့် ပအဖ၊ ပကဖများကို အရေးယူရန် NUG ကို လူထုသပိတ် ကော်မတီများ တိုက်တွန်း
Donate to DVB

အောက်ခြေမှာ တလွဲအာဏာသုံးနေကြတဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေကို အရေးယူ ဆောင်ရွက်ဖို့နဲ့ မှန်မှန်ကန်ကန် လုပ်နေကြတဲ့ ပအဖ၊ ပကဖတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို လူထုသပိတ် ကော်မတီတွေက တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ​ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ လူထုသပိတ်ကော်မတီတွေက သပိတ်ခေါင်းဆောင်တွေ  ဧပြီ ၂၄ ရက် မနက်က တွေ့ဆုံဆွေးနွေးရာမှာ တိုက်တွန်းခဲ့တာလို့  အစည်းအဝေးတက်ရောက်တဲ့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင် ကော်မတီအဖွဲ့ဝင်တစ်ဦးကဒီဗွီဘီ ပြောပါတယ်။

"တက်ရောက် ဆွေးနွေးဖြစ်ခဲ့တာကတော့ မြေပြင် ပအဖ၊ ပကဖ အခြေအနေတွေ၊ လူသား​စာနာ အခြေအနေတွေ၊ မြေပြင်အာဏာလေဟာနယ် ပေါ့နော်၊ NUG အနေနဲ့ နယ်မြေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေ ယန္တရားတည်ဆောက်တဲ့အခါမှာ စနစ်တကျ တည်ဆောက်ဖို့၊ လိုအပ်တဲ့ကိစ္စရပ်တွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဖြေရှင်းဖို့၊ NUG ရဲ့ အောက်ခြေက တလွဲအာဏာသုံးနေကြတဲ့ ပအဖ၊ ပကဖတွေကို အရေးယူ ဆောင်ရွက်ဖို့၊ မှန်မှန်ကန်ကန် လုပ်နေကြတဲ့ ပအဖ၊ ပကဖတွေကို ကာကွယ်စောင့်ရှောက်ဖို့အပြင် လက်တွေ့ မြေပြင်မှာ ခံစားနေကြရတဲ့ စစ်ဘေးရှောင်အရေး၊ မီးဘေးသင်အရေး အစရှိသဖြင့် လူထုယုံကြည်ကိုးစားရတဲ့ အစိုးရကောင်း တစ်ရပ်ဖြစ်ဖို့ ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။”

မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင် ကော်မတီကတော့ အွန်လိုင်းအခက်ခဲကြောင့် မတတ်လိုက်ရပါဘူးလို့ ပြောပါတယ်။

အစည်းအဝေး တက်ရောက်လာသူတွေက  မြေပြင်အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကောင်းစွာ ကြပ်မတ် ဆောင်ရွက်နိုင်ဖို့ အကြံပြုတိုက်တွန်းတာ၊ ပအဖ ပကဖ ပလဖတွေအကြား လုပ်ငန်း တာဝန်ခွဲခြားမှုတွေ ပိုမိုရှင်းလင်းစေဖို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အကြံပြုချက်တာတွေ နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (MOHAI)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်နိုင်ရေး အထောက်အကူပြု လုပ်ငန်းတွေ၊ လတ်တလော ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေ၊ ပြည်သူ့ဝန်ဆောင်မှု ကိစ္စရပ်တွေ၊ စကစရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကာကွယ်နိုင်ရေးအတွက် ကြိုတင်သတင်းပေးဖြန့်ဝေနိုင်ရေး ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဒု ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အလုပ်သမား ဒုဝန်ကြီးဦကျော်နီ၊ဝန်ကြီးဌာန အသီးသီးမှ အတွင်းဝန်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လူထုသပိတ် ကော်မတီတွေက သပိတ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သပိတ်အင်အားစု ရဲဘော်တွေ စုစုပေါင်း ၃၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကန်ကျေးရွာက စစ်ဘေးသင့် ကျေးရွာသားတွေအတွက် အလှူရှင်တွေက လှူဒါန်းတဲ့ ငွေကျပ် ၂၇ သိန်းနဲ့ စားနပ်ရိက္ခာတွေကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၂၄ ရက် ဒီနေ့မှာ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံကနေ သိရပါတယ်။

လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ပုလဲမြို့နယ် တာဝန်ခံ ကိုဇော်ထွန်းက “အခုလှူဒါန်းမှုက ဒုတိယအကြိမ်ပါ။ မီးရှို့ခံ အိမ်ထောင်စု ၁၀၄ စုမှ လူဦးရေ ၅၀၆ ဦးအတွက် သံဃမေတ္တာ ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့က ၁၂ သိန်း၊ နွေဦးကံ့ကော်အဖွဲ့က ၁ သိန်း၊ အန်တီနှင်းဆီနဲ့ အန်တီစံပယ်က ၁ သိန်းခွဲ၊ ထိုင်ဝမ်နိုင်ငံရောက် အလှူရှင်တဦးက ၁ သိန်းခွဲနဲ့ တခြားပြည်သူအများရဲ့ လှူဒါန်းမှုတွေကို စုပေါင်းပြီး သွားရောက်လှူဒါန်းဖြစ်တာပါ။ စုစုပေါင်း ငွေကျပ် ၂၇ သိန်းနဲ့ စားနပ်ရိက္ခာတွေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ ဧပြီ ၂ ရက်က နှောကန်ကျေးရွာကို မီးရှို့ဖျက်ဆီးရာ အိမ်ထောင်စု ၁၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အသက် ၇၈ နှစ်အရွယ် အဘွားအိုတဦး မီးလောင် အသက်ဆုံးရှုံးခဲ့ကာ အသက် ၇၀ ကျော် အဘိုးအိုတဦး မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ် ပအဖရဲ့ ဧပြီ ၃ ရက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နှောကန်ကျေးရွာ ပြည်သူတွေ အရေးပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာဖြစ်တဲ့ ဆန် ၁၀ အိတ်၊ ၅ ဂါလံဆံ့ ဆီပုံး ၂ ပုံးနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို မြို့နယ်လူသားစာနာတာဝန်ခံနဲ့အတူ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပထမဆုံးအကြိမ် ကူညီ ထောက်ပံ့ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013