DVB Logo
Home
မြန်မာသတင်း
ကနီနှင့် ဘုတလင်ဒေသရှိ လေဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို NUG ကူညီ
DVB
·
April 24, 2023
ကနီနှင့် ဘုတလင်ဒေသရှိ လေဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို NUG ကူညီ
Donate to DVB

လေဘေးသင့်ခဲ့တဲ့ ကနီနဲ့ ဘုတလင်မြို့နယ်တွေက စစ်ဘေးသင့်ပြည်သူတွေ လိုအပ်တဲ့ အမိုးအကာ အဝတ်အထည်တွေကို NUG က အကူအညီပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အညာဒေသမှာ ပြည်သူတွေဟာ ဘေးမျိုးစုံသင့်နေပေမယ့် စစ်ကောင်စီက ထောက်ထားမှုမရှိဘဲ နယ်မြေထိန်းချုပ်နိုင်ရေးကိုပဲ ဦးစားပေးနေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဧပြီ ၂၁ရက်၊ ညနေ ၆ နာရီက လေပြင်းတိုက်ခတ်လို့ လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့တာကြောင့် ပြည်သူတွေဟာ နေရေးအခက်အခဲအတွက် ထပ်မံထိုးနှက်ခံရသလို ဖြစ်ခဲ့တာပါ။ 

ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး နတ်ကြီး၊ မုဌော၊ ကဲတောင်၊ ဝက်ချောင်းကလေး၊ ဝက်ချောင်းကြီး၊ ကနဲ၊ ကျွန်းဖျား၊ မဲဒင်၊ ကင်းရွာ၊ ရွာသာ စတဲ့ကျေးရွာတွေကို စစ်ကောင်စီက အကြိမ်ကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးတာကြောင့် စုစုပေါင်းအိမ်ခြေ ၅၀၀ ကျော် ၆၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရပြီး ပြည်သူ သောင်းနဲ့ချီ အိုးအိမ်မဲ့ဖြစ်နေချိန်မှာ အခုလို လေပြင်းတိုက်ခတ်တာနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

လေပြင်းတိုက်ခတ်တာကြောင့် ကနီနယ် အိုင်တောင်အနောက်ရွာမှာ အိမ်ကြီးအိမ်ကောင်း အလုံး ၃၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ စစ်ဘေး လေဘေးသင့်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက အမိုးအကာ အဝတ်အထည်နဲ့ ရိက္ခာတွေ ထောက်ပံ့ဖို့ ကြိုးစားနေပေမယ့် ဘယ်နေရာတွေမှာ ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာကို လုံခြုံရေးအခြေအနေအရ သတင်းနဲ့ဓာတ်ပုံတွေ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အိုင်တောင်ရွာသားတစ်ဦး “မြေပြင်အခြေအနေဆိုတော့ ဘယ်လိုပြောရမလဲဗျာ။ အားလုံး ပေါင်းရေကြည့်တာတော့ ၃၀ ဝန်းကျင်လောက်ရှိမယ်။ ကျန်တဲ့ရွာက ကမ္ဘာအေး၊ ကျနော်တို့ရွာက အိုင်တောင် အနောက်ရွာ မြောက်ရွာပေါ့။ လူတွေ ဘာမှမထိခိုက်ဘူး။ ဖြစ်ခဲ့ဖူးတယ် ဒီလောက်ကြီး ဆိုးဆိုးရွားရွားတော့ မဖြစ်ဘူး။ အခုဟာက တောင်ခြမ်းတခြမ်းလုံးဆိုတာက လေကြောင်းတည့်တဲ့ ထိပ်တိုက်အိမ်တွေတင် မဟုတ်ဘူး။ တပိုင်းလုံးဖြစ်သွားတာ။ အခုဟာ ဆေးလိပ်ခုံပိုင်ရှင်တွေ အိမ်တွေလောက်ကတော့ မဖြစ်မနေ ပြန်ပြီးလုပ်နိုင်ပေမယ့်လို့ လက်လုပ်လက်စားနဲ့ သူများ အလုပ်လုပ်ရတဲ့သူကတော့ ဘယ်အဆင်ပြေမလဲ။ ကိုယ့်ပစ္စည်းကိုယ် ပြန်စုပြီးတော့ တချို့လည်း ငုတ်တုတ်ထိုင်နေကြရတာပေါ့ဗျာ"လို့ပြောပါတယ်။

လေပြင်းတိုက်ခတ်ရာမှာ လေကြောင်းသင့်ခဲ့တဲ့ ဘုတလင်နဲ့ မုံရွာမြို့အကြားမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိပြီး ကန်ကြီး၊ ကံသစ်၊ ဇီးတော၊ ယုန်လေးကုန်း၊ မြို့ပေါ်ရွာ စတဲ့ကျေးရွာတွေအပါအဝင် အဲဒီနားက ရွာတော်တော်များများ မီးရှို့ ဖျက်ဆီးခံထားရပါတယ်။ ဘုတလင်မှာ အိမ်ခြေမဲ့ပြည်သူ ခန့်မှန်းခြေ ၄၀၀၀ ကျော်ဝန်းကျင် ရှိနေပြီး စားဝတ်နေရေးအတွက် ကြီးမားတဲ့အခက်အခဲ တွေ့နေရပါတယ်။

ဘုတလင်ဒေသခံတစ်ဦးက “မုံရွာ-ရေဦး ကားလမ်းတလျှောက်ကလည်း သစ်ပင်ကြီးတွေ လဲတယ်။ သစ်ကိုင်းတွေ ကျိုးကျ လမ်းတွေ ပိတ်တာမျိုးတွေ ရှိတယ်။ တချက်က ကျနော်တို့ဘက်မှာ လျှပ်စစ်မီးက မလာတော့ ဖုန်းအားထိုးဖို့ကို အခက်အခဲဖြစ်နေတာ။ မီးပျက်တာကလည်း ၃ ရက်လောက်ရှိသွားပြီ ဆိုတော့လေ။ ဆိတ်သာကန်ကတော့ ရှိတာက အိမ်ခြေ ၁၅၀ လောက်ရှိတာ အဲဒီအထဲက ၅၀ လောက် ပျက်စီးတယ် ကြားတယ်။ လေကတော့ တော်တော်ပြင်းတယ် မိုးရော လေရော လုံးပြီးတော့လာတဲ့ အနေအထားပေါ့လေ။ ပြည်သူတွေရဲ့ အခက်အခဲကတော့ စစ်ကြောင်းထိုးလို့ မီးရှို့ခံရတဲ့အိမ်တွေကလည်း အခက်အခဲရှိတာပဲ။ အခုလို လေပြင်းတိုက်ပြီးတော့ မိုးဖျက်တာတို့ ဘာတို့ရှိလာတော့ ဒုက္ခသည်ဦးရေက များလာတာပေါ့။ နေရေးထိုင်ရေးအတွက် တော်တော်ခက်ခဲမှုတွေရှိတာပေါ့။ အလုပ်အကိုင်ကလည်း အဆင်မပြေကြတော့လေ။ နောက်လိုအပ်ချက်ကတော့ ဆေးဝါးပေါ့။ ပိုက်ဆံရှိတာတောင် ဝယ်လို့မရတဲ့ အနေအထားမှာ ရှိနေတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသမှာ ပြည်သူတွေဟာ ဘေးဒုက္ခအမျိုးမျိုး ကြုံနေရပေမဲ့ စစ်ကောင်စီကတော့ သူတို့နယ်မြေထိန်းချုပ်နိုင်ဖို့အတွက် အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်ပြုလုပ်နေပါတယ်။ 

ဧပြီ ၂၀ ရက် မနက်အစောပိုင်းမှာ စစ်ကိုင်း-မန္တလေးနယ်စပ် မတ္တရာမြို့နယ်၊ ရုံးပင်ကျေးရွာကို အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ပြီး စီးနင်းခဲ့ပါတယ်။

ရုံးပင်ရွာမှာ အိမ်ခြေ ၂၅၀ ကျော်ရှိပြီး ရွာသား ၅၀ ဝန်းကျင်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး အမျိုးသမီးငယ်တစ်ယောက် ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ 

အဖမ်းခံထားရသူတွေထဲက အမျိုးသား ၈ ယောက်ကို လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ မတ္တရာ LPDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

မတ္တရာ LPDF ခေါင်းဆောင်တစ်ဦး “ဓားစာခံအဖမ်းခံရတဲ့ အနေအထားကတော့ ၅၀ ကျော်လောက် အဖမ်းခံရတယ်တဲ့ ရွာသူရွာသားတွေချည်းပဲ။ သူတို့ကို ဓားစာခံဖမ်းထားတဲ့အချိန်မှာ လက်တွေကို နောက်ပစ်ပြီးတော့ မြေကြီးပေါ် ဝမ်းလျားမှောက်ခိုင်းထားတယ်။ မြေကြီးနဲ့ မျက်နှာ အပ်ခိုင်းထားတယ်။ မော့မကြည့်နဲ့ မော့ကြည့်တဲ့သူ ဖိနပ်နဲ့ ကန်တာတဲ့။ ဖမ်းထားတဲ့သူတွေထဲက ယောက်ျားလေး ၈ ယောက်ကိုကျတော့ သူတို့နှိပ်စက်တာ ပါးစပ်ထဲက သွေးတွေပါထွက်တယ်တဲ့။ အဲ့ဒီသူတွေကို သူတို့မြင်ကွင်းက ပျောက်သွားအောင် အိမ်တွေထဲဆွဲ ခေါ်သွားပြီးတော့ ထပ်ပြီးနှိပ်စက်တာတွေ ရှိတယ်တဲ့။ ကျန်တဲ့ဓားစာခံတွေ အကုန်လွှတ်ပေးလိုက်ပြီ။ အဲဒီ ၈ ယောက်က အခုထိ မလွှတ်ပေးသေးဘူး။ နောက်ရင်းအကြောင်းခံတစ်ခု ပေါ်လာတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ရုံးပင်ရွာကို မီတာကြေးလာကောက်တယ်တဲ့။ အဲဒီ ၂ ယောက်ကလည်း အောက်က ခွေးတွေ ဝတ်ထားတဲ့ ဘောင်းဘီတွေ ဝတ်လာတယ်တဲ့။ အဲဒီနှစ်ယောက်ကို Local အဖွဲ့တဖွဲ့က ဖမ်းခေါ်သွားတယ်။ အဲ့ဒါကို မတ္တရာပကဖကနေပြီးတော့ အဲ့ဒီ Local အဖွဲ့ဆီကနေ တောင်းလို့မို့လို့ လွှဲပေးလိုက်တယ်တဲ့။ လွှဲပေးလိုက်တဲ့ နှစ်ယောက်ကို ဟိုက ပြန်လွှတ်ပေးလိုက်တယ်တဲ့။ ရွာသားတွေ ခန့်မှန်းပြီးပြောဆိုတာက ပကဖက ပြန်လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်ပြီးတဲ့နောက် အခုလိုမျိုး ရုတ်တရက်ကြီး ဝင်စီးခံရတယ်လို့ ရွာသားတွေက ယုံကြည်နေကြတယ်။”

၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက မီးရှို့တာကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ မတ်လ ၁၉ရက်နေ့မှာ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မီးရှို့ဖျက်ဆီးခံရတာတွေဟာ စစ်ကိုင်းတိုင်းမှာ အဆိုးဆုံးဖြစ်ခဲ့ပြီး အိမ်ခြေ ၄၇၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ မကွေးတိုင်းမှာ အိမ်ခြေ ၉၀၀၀ ကျော်၊ ချင်းပြည်နယ်မှာ အိမ်ခြေ ၁၄၀၀ ကျော်ပျက်စီးခဲ့တယ်လို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013