DVB Logo
Home
Lead Story
ရိုဟင်ဂျာအခွင့်အရေး မထိခိုက်စေဘဲ ဘင်္ဂလားဒေ့ရှ်က အာရက္ခတပ်တော်နဲ့ ဆက်ဆံနိုင်မလား (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
August 25, 2026
ရိုဟင်ဂျာအခွင့်အရေး မထိခိုက်စေဘဲ ဘင်္ဂလားဒေ့ရှ်က အာရက္ခတပ်တော်နဲ့ ဆက်ဆံနိုင်မလား (သူ့အတွေး သူ့အမြင် – Op-Ed)
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကို နေရပ်ပြန်ပို့ရေးအတွက် မြန်မာအစိုးရနဲ့ အာရက္ခတပ်တော်ကြား ဆွေးနွေးပွဲတခုလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်က စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်မှာ သိသာထင်ရှားတဲ့ နယ်မြေပမာဏကို သိမ်းပိုက်ထားတာကြောင့် ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုတွေ တကယ်ပဲ လိုအပ်နေပါတယ်။

ဒါပေမဲ့ လတ်တလော လိုအပ်ချက်အရ ဆက်သွယ်ပြောဆိုရတာကို နိုင်ငံရေးအရ ယုံကြည်မှု၊ အသိအမှတ်ပြုမှု ဒါမှမဟုတ် မိတ်ဖက်ဖြစ်မှုလို့ အဓိပ္ပာယ်မကောက်ယူသင့်ပါဘူး။ အာရက္ခတပ်တော်နဲ့ ထိတွေ့ဆက်ဆံခြင်းက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ပါ့မလား။ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်က နေရပ်ပြန်ပို့ဖို့ ကြိုးစားနေတဲ့ အဲဒီပြည်သူတွေအပေါ် ဆိုးရွားတဲ့ ကျူးလွန်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခုကို တဖြည်းဖြည်း တရားဝင် အသိအမှတ်ပြုရာ ရောက်သွားမလားဆိုတာ စဉ်းစားစရာပါ။

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ၊ ရွာတွေကို ဖျက်ဆီးမှုတွေနဲ့ အတင်းအကျပ် နေရာရွှေ့ပြောင်းစေမှုတွေ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ တချို့နေရာတွေမှာ စစ်အုပ်ချုပ်ရေး ပြီးဆုံးသွားတာက ရိုဟင်ဂျာ အသိုက်အဝန်းကို လုံခြုံသွားစေတာတော့ မဟုတ်ပါဘူး။ ဒီအစား အုပ်ချုပ်သူအသစ်တွေရဲ့ လုပ်ရပ်တွေကသာ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) တို့က အာရက္ခတပ်တော်ကို စွပ်စွဲထားတာတွေ ရှိပါတယ်။ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းတာ၊ အတင်းအကျပ် ပျောက်ဆုံးစေတာ၊ အတင်းအကျပ် လူသစ်စုဆောင်းတာ၊ အတင်းအကျပ် ခိုင်းစေတာ၊ ငွေညှစ်တာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာနဲ့ သွားလာခွင့်နဲ့ အလုပ်လုပ်ခွင့်တွေကို ကန့်သတ်တာတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားတာပါ။ ဒါ့အပြင် အာရက္ခတပ်တော်ဟာ ရိုဟင်ဂျာတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံဖို့ ပျက်ကွက်တာနဲ့ သူတို့အပေါ် ဖယ်ကြဉ်ထားတဲ့ သဘောထားတွေကြောင့်လည်း ဝေဖန်ခံနေရပါတယ်။

ပိုဆိုးတာကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အာရက္ခတပ်တော်ဟာ ရိုဟင်ဂျာ အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ၂၀၂၄ ခုနှစ် မေလက ဘူးသီးတောင်မြို့နယ်ရှိ ထန်းရှောက်ခံကျေးရွာမှာ အရပ်သားတွေ သေဆုံး ဒဏ်ရာရခဲ့ပြီး အိမ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံထားပါတယ်။ စွပ်စွဲခံထားရတဲ့ ကျူးလွန်မှုတချို့ဟာ စစ်ရာဇဝတ်မှုတွေ မြောက်နိုင်တယ်လို့လည်း အဲဒီအဖွဲ့က ဆိုပါတယ်။

အာရက္ခတပ်တော်ကတော့ သူတို့မှာ တာဝန်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ အသက်ရှင် ကျန်ရစ်သူတွေဟာ သူတို့အိမ်တွေကနေ ပျောက်ဆုံးနေဆဲဖြစ်ပြီး တရားမျှတမှုလည်း မရရှိကြပါဘူး။ ဒီအစီရင်ခံစာတွေက နေရပ်ပြန်ပို့ရေး အစီအစဉ်တိုင်းအတွက် အခြေခံ အကျပ်အတည်း တခုကို ဖန်တီးနေပါတယ်။ လက်တွေ့ မြေပြင်အုပ်ချုပ်နေတဲ့ အစိုးရ (de facto government) က သူတို့ရဲ့ တည်ရှိမှုကို ငြင်းပယ်တာ၊ လွတ်လပ်ခွင့်ကို ငြင်းပယ်တာနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ ခိုင်ခိုင်လုံလုံ စွပ်စွဲခံထားရတဲ့ နေရာတွေဆီ ရိုဟင်ဂျာတွေ ပြန်သွားဖို့ မျှော်လင့်တာဟာ လက်တွေ့မဆန်ပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရေးပေါ် အခြေအနေအရ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ အဖြေတခု အမှန်တကယ် လိုအပ်နေပါတယ်။ နိုင်ငံအတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းလောက် နေထိုင်နေပါတယ်။ သူတို့ ကာလရှည် နေထိုင်နေရတဲ့အတွက် ကော့ဇ်ဘဇားနဲ့ ပတ်ဝန်းကျင်ဒေသတွေရဲ့ အခြေခံအဆောက်အအုံ၊ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနဲ့ လုံခြုံရေး အခြေအနေတွေအပေါ် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှု ရန်ပုံငွေတွေကလည်း ပိုပြီး မသေချာ မရေရာ ဖြစ်လာနေပါတယ်။

ဒါပေမဲ့ အခြေအနေ ဆိုးရွားနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့ အသက်၊ လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကို အာမခံချက်မရှိတဲ့ နေရာတွေဆီ ဒုက္ခသည်တွေကို ပြန်မပို့သင့်ပါဘူး။ နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ ပြန်ပို့တာဟာလည်း ရေရှည် အဖြေမဟုတ်ပါဘူး။ ရိုဟင်ဂျာတွေကို လက်မခံတဲ့ အာဏာပိုင်တွေ အုပ်ချုပ်တဲ့ စခန်းတွေ ဒါမှမဟုတ် ခွဲခြားထားတဲ့ နေရာတွေဆီ ပြန်ပို့တာဟာ အကျပ်အတည်းကို ဘင်္ဂလားဒေ့ရှ်ကနေ နောက်ထပ် ပိတ်လှောင်ထားတဲ့ နေရာတခုဆီ ပြောင်းရွှေ့လိုက်တာနဲ့ အတူတူပါပဲ။

ဘင်္ဂလားဒေ့ရှ် အနေနဲ့ သတိထားပြီး ခြေလှမ်းလှမ်းဖို့ လိုအပ်ပါတယ်။ မြေပြင်အခြေအနေအရ အာရက္ခတပ်တော်ကို ရန်သူလို သဘောထားတာဟာ နယ်စပ်တလျှောက် လက်တွေ့ကျတဲ့ ဆက်သွယ်ရေးတွေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ တခြားတဖက်မှာလည်း စည်းကမ်းချက် မရှိဘဲ ထိတွေ့ဆက်ဆံတာဟာ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို အဓိပ္ပာယ်ရှိရှိ မတိုးတက်စေဘဲ အဲဒီအဖွဲ့ကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ထိတွေ့ဆက်ဆံမှု အားလုံးဟာ ယာယီဖြစ်ရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ ပြီးတော့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားရပါမယ်။

နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေ မစတင်ခင်မှ အာရက္ခတပ်တော်အနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို လူသိရှင်ကြား လက်ခံ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နေထိုင်ခွင့်ရှိတဲ့ သူတို့ရဲ့ သမိုင်းဝင် အခွင့်အရေးကို ကျင့်သုံးဖို့လည်း ကြိုဆိုရပါမယ်။ မူလနေရပ်နဲ့ သူတို့ရဲ့ မြေနေရာတွေဆီ ပြန်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ ဘာသာရေး အဆောက်အအုံတွေကို လွတ်လပ်စွာ အသုံးပြုခွင့်တွေကို ရိုဟင်ဂျာ ဒေသခံတွေအတွက် ပေးအပ်ရပါမယ်။

အာရက္ခတပ်တော်၊ မြန်မာ ဗဟိုအစိုးရတို့နဲ့ ဆွေးနွေးတာအပြင် ဘင်္ဂလားဒေ့ရှ် အနေနဲ့ ကုလသမဂ္ဂ၊ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၊ အာဆီယံ (ASEAN) နဲ့ လွှမ်းမိုးမှုရှိတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့လည်း သံတမန်ရေးအရ ဆက်လက် ထိတွေ့ဆက်ဆံနေသင့်ပါတယ်။ ရည်မှန်းချက်ကတော့ ရိုဟင်ဂျာပြည်သူတွေ ကိုယ့်သဘောဆန္ဒအရ ပြန်လည်ဝင်ရောက်ရေးနဲ့ နောက်ဆုံးမှာ နိုင်ငံသားဖြစ်ခွင့် ရရှိရေးအတွက် နိုင်ငံတကာက စောင့်ကြည့်တဲ့ ယန္တရားတခု ဖန်တီးဖို့ ဖြစ်သင့်ပါတယ်။ အဲဒီယန္တရားမှာ အရပ်သားတွေအတွက် အကာအကွယ်ပေးမှုနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရရှိရေး အာမခံချက်တွေ အပြည့်အဝ ပါဝင်ရပါမယ်။

ကုလသမဂ္ဂနဲ့ လွတ်လပ်တဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို ပြန်လည်နေရာချထားမဲ့ ဒေသတွေဆီ ကန့်သတ်ချက်မရှိ အပြည့်အဝ ဝင်ထွက်ခွင့် ပေးရပါမယ်။ လက်နက်ကိုင်အဖွဲ့တဖွဲ့က နှုတ်နဲ့ပေးတဲ့ အာမခံချက်တွေ နေရာမှာ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှုက အစားထိုး ဝင်ရောက်ရပါမယ်။ သတ်ဖြတ်မှုတွေ၊ အတင်းအကျပ် ပျောက်ဆုံးစေမှုတွေ၊ အတင်းအကျပ် ခိုင်းစေမှုတွေ၊ အတင်းအကျပ် လူသစ်စုဆောင်းမှုတွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှုတွေ စတဲ့ စွပ်စွဲချက်တွေကိုလည်း သေချာစွာ စုံစမ်းစစ်ဆေးရပါမယ်။ ကျူးလွန်သူတွေဟာ မြန်မာ့တပ်မတော်၊ အာရက္ခတပ်တော် ဒါမှမဟုတ် တခြား ဘယ်လက်နက်ကိုင် အဖွဲ့နဲ့ပဲ ပတ်သက်နေပါစေ၊ သူတို့ကို တာဝန်ခံခိုင်းရပါမယ်။

အရေးအကြီးဆုံးကတော့ သူတို့ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတိုင်းမှာ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေ ပါဝင်သင့်ပါတယ်။ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာ အထိခိုက်ဆုံး ပြည်သူတွေကို ဖယ်ကြဉ်ထားတဲ့ ဘယ်လို သဘောတူညီချက်မျိုးကမှ တရားဝင်မှုရှိမှာ မဟုတ်ပါဘူး။

ရိုဟင်ဂျာ အကျပ်အတည်းဟာ မြန်မာနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီအကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ အဖြေကိုလည်း အဲဒီမှာပဲ ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် အနေနဲ့ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်တာနဲ့ အာရက္ခတပ်တော်ကို စည်းကမ်းချက်မရှိဘဲ နိုင်ငံရေးအရ လက်ခံတာဆိုတဲ့ မှားယွင်းတဲ့ ရွေးချယ်မှု နှစ်ခုကြားမှာ ဆွဲသွင်းမခံသင့်ပါဘူး။ ထိတွေ့ဆက်ဆံမှု လိုအပ်နိုင်ပေမဲ့ အလိုလိုက် အကြိုက်ဆောင်ဖို့တော့ မလိုအပ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ မူဝါဒဟာ အာရက္ခတပ်တော်ရဲ့ နယ်မြေထိန်းချုပ်မှုကို အသိအမှတ်ပြုဖို့ လိုအပ်ပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ ငြင်းမရတဲ့ အချက်အလက်တွေကိုလည်း လျစ်လျူမရှုသင့်ပါဘူး။

ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော်ပြီး ဘယ်လောက်မြန်မြန် ပြန်ပို့နိုင်သလဲ ဆိုတာကို နေရပ်ပြန်ပို့ရေး အစီအစဉ်တခုရဲ့ အောင်မြင်မှု အညွှန်းကိန်းအဖြစ် မသတ်မှတ်သင့်ပါဘူး။ သူတို့ဟာ နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြုခံရပြီး ကိုယ့်သဘောဆန္ဒအလျောက် ပြန်သွားတာ ဟုတ်၊ မဟုတ် ဆိုတာပေါ်မှာပဲ ဆုံးဖြတ်သင့်ပါတယ်။ နှိပ်စက်ညှဉ်းပန်းမှု ကင်းရှင်းစွာနဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် ရ၊ မရ ဆိုတဲ့အပေါ်မှာ ဆုံးဖြတ်ရမှာပါ။ အဲဒီလိုအပ်ချက်တွေ မပြည့်စုံသရွေ့ နေရပ်ပြန်ပို့ရေး ဆိုတာဟာ လက်တွေ့ကျတဲ့ အဖြေတခု မဟုတ်ဘဲ နိုင်ငံရေးအရ ပြောဆိုစရာ ခေါင်းစဉ်တခုထက် ပိုလာမှာ မဟုတ်ပါဘူး။

ကော့ဆာမီယာ

Ref: The Diplomat

(The Diplomat မဂ္ဂဇင်းဝက်ဘက်ဆိုင်တွင် Kawsar Mia ရေးသားထားသည့် “Can Bangladesh Engage the Arakan Army Without Compromising Rohingya Rights?” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။  စာရေးသူ ကော့ဆာ မီယာ (Kawsar Mia) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Cosmopolitan ကောလိပ်တွင် ပြည်သူ့နီတိနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဘာသာရပ်ဆိုင်ရာ ကထိကတဦး ဖြစ်ပါသည်။ ဤဆောင်းပါးပါ အမြင်များသည် စာရေးသူ၏ ကိုယ်ပိုင်အမြင်များသာ ဖြစ်ပါသည်။)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး DVB ၏ အာဘော်မဟုတ်ပါ။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013