DVB Logo
Home
Lead Story
လူ လူ ဟစ်တဲ့ သူခိုး
DVB
·
April 24, 2023
လူ လူ ဟစ်တဲ့ သူခိုး
Donate to DVB

တခါက ရွာတရွာမှာ သူခိုးတယောက်ရှိတယ်။ သူက သူခိုးအလုပ်လုပ်ပြီး အင်မတန်ကြောက်တတ်တဲ့ သူခိုးဖြစ်တယ်။ ဘယ်လောက်ထိ ကြောက်သလဲဆိုရင် လူငယ်လူရွယ်တွေ အများဆုံးရှိတဲ့ရွာနဲ့ လက်သံပြောင်တဲ့ရွာဆို သူ မခိုးရဲဘူး။ မိသွားရင် ဝိုင်းဆွမ်းကြီးလောင်းမှာ သူသိနေတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုနဲ့ မိန်းမသားတွေသာရှိတဲ့ နေအိမ်တွေ၊ ရွာတွေ၊ ရပ်ကွက်တွေကိုသာ လှည့်ခိုးတဲ့ အင်မတန် သရဲဘောကြောင်ပြီး ကြောက်တတ်တဲ့ အရူးပါးသူခိုးတယောက် ဖြစ်တယ်။

လမိုက်ညတညမှာ သူသေချာအကွက်ချ စီစဉ်ထားတဲ့ ရွာထဲကအိမ်တအိမ်ကို ဝင်ခိုးတယ်။ ဖြစ်ချင်တော့ မြို့မှာကျောင်းတက်နေတဲ့ ကျောင်းသားလူငယ် ရောက်နေတာ သူသတိမထားမိလိုက်ဘူး။ သတ္တိကလည်းကောင်း ကျောင်းသားလူငယ်ဆိုတော့ သန်သန်မာမာ သွက်သွက်လက်နဲ့ နိုးကြားတက်ကြွနေတဲ့ လူငယ်ဖြစ်တော့ ချိုးချိုးချွတ်ချွတ်အသံကြားတာနဲ့ အိပ်ရာထဲကနေ နားစွင့်နေတာပေါ့။ သူခိုးကလည်း အကွက်ချ စီစဉ်ထားတာပဲဆိုပြီး ရဲရဲတင်းတင်းဝင်လာပြီး ခိုးမယ်အလုပ် ကျောင်းသားလူငယ်ကလည်း သူခိုးပဲဆိုပြီး သူခိုးကို အလစ်အငိုက်ဝင်ပြီး လုံးထွေးဖမ်းလိုက်တာ သူခိုးက ကြောက်အားလန့်အား သွေးရူးသွေးတန်းနဲ့ “လူ လူ” ဆိုပြီး ထအော်လိုက်တာ၊ အဲ့ဒီအချိန် လူငယ်ကျောင်းသားက ခိုးထုပ်ခိုးထည်နဲ့ သူခိုးကို လက်ပူးလက်ကြပ် သက်‌သေအထောက်ထားနဲ့ ဖမ်းမိထားပြီ။ မနက်မိုးလင်းတာနဲ့ သက်ဆိုင်ရာက အပြစ်ပေးနိုင်အောင် စီစဉ်နေပြီဖြစ်တယ်။ သူခိုးကတော့ တွေ့သမျှလူတွေကို လက်ညှိုးထိုးပြီး လူ လူ အော်နေတုန်း။

NUG, CRPH, ERO, PDF တွေကို အခုထိ အကြမ်းဖက်တွေလို့ မင်းအောင်လှိုင်က သွေးရူးသွေးတန်း ကြောက်အားလန့်အားနဲ့ အော်နေတုန်း ဘယ်သူက အကြမ်းဖက်သလဲဆိုတာ နိုင်ငံတကာကလည်း သိနေပြီ။ အကြမ်းဖက်အဖွဲ့ဟာ မင်းအောင်လှိုင်ရဲ့နောက်လိုက် စစ်အုပ်စုဆိုတာ ကလေးကအစ လူကြီးအဆုံး အကုန်သိနေကြပြီ။ ဒါကို ဆင်သေကို ဆိတ်သား‌ေရနဲ့ ဖုံးချင်နေတဲ့ မင်းအောင်လှိုင်က တော်လှန်ရေးနေ့မှာ ကိုယ့်အထုပ်ကို ကိုယ်ဖြည်ပြလိုက်ခြင်း ဖြစ်တယ်။

ဒီနွေဦးတော်လှန်ရေးက နိုင်ကိုနိုင်တယ်၊ မတရား အာဏာသိမ်းစစ်အုပ်စုက ဖက်ဆစ်ထက် ဆိုးသွမ်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူသတ်မီးရှို့ မုဒိမ်းကျင့် စစ်တပ်ဆိုတာ ပြည်သူတွေ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပြီးဖြစ်တယ်။ ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ မတရားသဖြင့် လုပ်ခဲ့တာတွေ နှစ်ပေါင်းကြာလည်း မေ့ပျောက်ကြတော့မှာ မဟုတ်တဲ့အတွက် မြန်မာ့သမိုင်းရဲ့ အဆိုးဝါးဆုံး နေ့ရက်တွေအဖြစ်နဲ့ တည်ရှိသွားတော့မှာဖြစ်တယ်။ သူတို့ရဲ့ သားစဉ်မြေးဆက်ဟာလည်း လူပုံအလယ်မှာ ခေါင်းမဖော်ဝံ့အောင် တိုင်းသူပြည်သားတွေအ‌ပေါ် ယုတ်မာရိုင်းစိုင်းသူတွေအဖြစ် ခေါ်တွင် သမုတ်ကြလိမ့်မယ်။ အဲ့ဒါ စစ်အုပ်စု အာဏာရူးတွေကို ပြည်သူတွေက နိုင်တာပဲဖြစ်တယ်။

၂၀၂၁ ခုနှစ် စစ်တပ်က မတရားအာဏာသိမ်းတဲ့အကြောင်း နောင်လာနောက်သားတွေကို ပြန်ပြောတိုင်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထည့်သွင်း ပြောဆိုနေကြမှာ ဖြစ်တယ်။

ဂဠုန်စော နှစ်တွေကြာလည်း သူ့ရဲ့နာမည်ဆိုး၊ လုပ်ရပ်ဆိုးက ယနေ့အထိ တည်ရှိနေတယ်။ သူ့ရဲ့ သားစဉ်မြေးဆက် လူပုံအလယ်မှာ အရှက်ရနေဆဲဖြစ်တယ်။ အာဏာရှင်နေဝင်း ယနေ့အထိ သူ့ရဲ့သားသမီးမြေးမြစ်တွေကို ခွင့်မလွှတ်နိုင်ကြသေးဘူး။ သန်းရွှေ၊ ခင်ညွန့်၊ သိန်းစိန် ပြည်သူလူထုကြား ရဲရဲတင်းတင်း သွားလာနေထိုင်ဝံ့သလား။ အခု မင်းအောင်လှိုင် သူ့ရဲ့လုပ်ရပ်က နာဇီဖက်ဆစ်ထက် ဆိုးဝါးပြီး ကိုယ့်တိုင်းသူပြည်သားတွေရဲ့ ဘဝတွေကို ရက်ရက်စက်စက် နင်းခြေဖျက်ဆီးခဲ့တာ ဘယ်လိုမှ မေ့ပျောက်လို့ရတော့မှာ မဟုတ်တော့ဘူး။ အချိန်တွေကြာလို့ သူမရှိတော့ရင်တောင် သူ့ဇနီး၊ သူ့သားသမီး၊ ‌သူ့မြေးမြစ်တွေအထိပါ အရိပ်မည်းကြီးတခုလို လိုက်ပါနေဦးမှာဖြစ်တယ်။

သူခိုးက သွေးရူးသွေးတန်းနဲ့ လူ လူ ဟစ်နေတာကိုက ပြည်သူတွေနိုင်နေပြီ။ သူကြောက်လို့အော်နေတာ ဒီနွေဦးတော်လှန်ရေးက စတိုက်ကတည်းက ပြည်သူလူထုရဲ့ အားနဲ့တိုက်ခဲ့တာ၊ ဒီနေ့အထိလည်း ပြည်သူသာအဓိကဆိုတဲ့အားနဲ့ တိုက်နေဆဲဖြစ်တယ်။

စစ်မိစ္ဆာတွေရှိနေသမျှ တိုက်ပွဲဝင်နေကြဦးမှာဖြစ်တယ်။ ဘယ်လိုအစိုးရဖြစ်နေပါစေ ပြည်သူ့အားမကိုးစားသ၍၊ ပြည်သူ့နှလုံး မသိမ်းကြုံးသေးသ၍ ဧကန်မုချ ဓားသွားလည်းကြွေ လှံသွားလည်း ခွေသွားစေမှာ ဖြစ်ပါတယ်။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013