DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်တွင် စစ်တပ်က ဒေသခံ ၁၀၀ နီးပါးကို ဖမ်းဆီး
DVB
·
April 24, 2023
သရက်ချောင်းမြို့နယ်တွင် စစ်တပ်က ဒေသခံ ၁၀၀ နီးပါးကို ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက ရွာခံ ၁၀၀ နီးပါးကို ဧပြီ ၂၃ ရက် မနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတွေအပြင် ကလေးတွေပါ ပါဝင်ပြီး အဖမ်းခံရသူ ၁၀၀ နီးပါးရှိတယ်လို့ ပြောပေမဲ့ အရေအတွက်တော့ အတိအကျ မသိရပါဘူး။

ရငဲရွာကနေ ထွက်ပြေးတိမ်းရှောင်လာသူတဦးကတော့ “စစ်တပ်က မနေ့ကတည်းက ရွာနားရောက်နေတာ။ ဒီမနက်မှ ရွာထဲဝင်လာပြီး လိုက်ဖမ်းတာ။ သူတို့လိုက်ဖမ်းတော့ ထွက်ပြေးလို့ သေနတ်လည်း ၄၊ ၅ ချက်လောက် ဖောက်သေးတယ်၊ လူကိုတော့မပစ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာရှိတဲ့ ရငဲကျေးရွာအနီး အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘဲ ဘာလို့ အခုလို ရွာခံတွေကို ဖမ်းဆီးတာလဲ ဆိုတာကိုတော့ မသိရပါဘူး။

ဖမ်းဆီးခဲ့တဲ့သူတွေကိုတော့ ရငဲရွာ ရွာဦးဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်းထားပြီး ညနေ ၃ နာရီလောက်မှာတော့ အသက်ကြီးတဲ့သူတချို့နဲ့ ကလေးတွေကို ပြန်လွှတ်လိုက်တယ်လို့ ပြန်လွတ်လာသူတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မလွှတ်ဘဲထားထားတာက အများကြီးကျန်သေးတယ်။ သူတို့က ရွာထဲဝင်လာတာနဲ့ တွေ့တဲ့သူ အကုန်ဖမ်းတာ။ စျေးသွားတဲ့သူတွေပါ အဖမ်းခံရတာ။ ဖမ်းခံရတာက အမျိုးသမီးတွေ ပိုများတယ်။”

အဖမ်းခံရတဲ့သူတွေအထဲ အနီးအနား ကနက်သီရိကျေးရွာကနေ စျေးသွားရောင်းသူ ၂ ဦးလည်း ပါဝင်ပြီး သူတို့ကတော့ ညနေပိုင်းမှာ ပြန်လွတ်လာပြီလို့ သိရပါတယ်။

“ဖမ်းထားတဲ့သူတွေထဲကမှ ရငဲရွာခံတွေကိုက ပိုစစ်တယ်၊ ရိုက်လည်းရိုက်တယ်။ နင်တို့ရွာက သူပုန်ရွာဆိုပြီလည်း ဆဲတယ်။ တခြားရွာကလူတွေကိုတော့ သိပ်မစစ်ဘူး” လို့ ပြန်လွတ်လာတဲ့ ကနက်သီရိရွာခံတဦးရဲ့ ပြောပြချက်ကို တခြားရွာခံတဦးက ဒီဗွီဘီကို ပြန်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း အသက် ၂၀ ကျော်အရွယ် ရငဲရွာခံ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ရွာအနီး ဥယျာဥ်ခြံထဲမှာ ဖမ်းဆီးပစ်သတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013