DVB Logo
Home
Lead Story
ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချရန် လိုအပ်နေသော မြန်မာပြည် (သို့) မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဖက်ဒရယ်စနစ်
DVB
·
April 22, 2023
ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချရန် လိုအပ်နေသော မြန်မာပြည် (သို့) မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဖက်ဒရယ်စနစ်
Donate to DVB

မျှတတဲ့ အာဏာခွဲဝေခြင်းဟာ ပဋိပက္ခတွေကို လျော့ပါးစေနိုင်ခြင်း

မျှတတဲ့ အာဏာခွဲဝေခြင်း လိုအပ်နေသော မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခများနှင့်အတူ ယခုအချိန်ထိ ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။ နိုင်ငံရေးအရ တန်းတူညီမျှမှုကို မဖော်ဆောင်နိုင်ခြင်းသည် အထွေထွေမပြေလည်မှုနှင့် တိုင်းရင်းသား လူမျိုးစုတို့အကြား ဟန်ချက်ညီမျှမှု မျှခြေကို ယိုင်နဲ့စေသည်။ အာဏာရယူပုံက လူထုဆန္ဒနှင့် မညီညွတ်ခြင်းသည် ပြဿနာတို့၏ အဦးအစဖြစ်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းအဆက်ဆက် ဓားထက်သူကသာ အာဏာကို ရယူခဲ့သည်။ လက်နက်ရှိသူကသာ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ရယူခဲ့သည်က များသည်။

ဗဟိုဦးစီးချုပ်ကိုင်မှု အလေ့အထများ

ခေတ်အဆက်ဆက် ဗဟိုချုပ်ကိုင်မှုများခဲ့သော မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုများ အားနည်းခဲ့ကြောင်း လေ့လာတွေ့ရှိရမည် ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ သွင်ပြင်လက္ခဏာသည် သမိုင်းကြောင်းအစဥ်အလာအရ အဖွဲ့အစည်း အသီးသီးတိုင်းတိုင် ဗဟိုဦးစီးချုပ်ကိုင်မှု အားကောင်းသည်။ ဗဟိုဦးစီးချုပ်ကိုင်မှုသည် ပါတီနှင့် အစိုးရအဖွဲ့အစည်း အဆင့်ဆင့်တွင်ပင် တွေ့ရသည်။ ထို့အပြင် ဘာသာရေးအဖွဲ့အစည်းများမှသည် လူမှုရေးအဖွဲ့အစည်းများအလယ်၊ မိသားစုအတွင်း၌ပင် ဗဟိုဦးစီးချုပ်ကိုင်မှုသည် စီးဝင်ပျံ့နှံ့ အားကောင်းလျက်ရှိသည်။ ဗဟိုမှ ဦးစီးချုပ်ကိုင်လိုသည့် အလေ့အထသည် နိုင်ငံတော်၏ အနိမ့်ဆုံးယူနစ်မှစ၍ အမြင့်ဆုံးအဆင့် ယူနစ်များအထိ အားကောင်းသည်။

ဗဟိုဦးစီးချုပ်ကိုင်မှု၏ ဆိုးကျိုးများ

ဗဟိုဦးစီးချုပ်ကိုင်မှု၏ ဆိုးကျိုးများသည် အဖွဲ့အစည်းအတွင်း အရည်အချင်းရှိသော ခေါင်းဆောင်သစ်များကို ဆုံးရှုံးစေသည်။ ထို့အပြင် လုပ်ငန်းဆောင်ရွက်ချက်များ၏ အရည်အသွေးကို ကျဆင်းစေသည်။ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းနှင့် တီထွင်မှု အရည်အချင်းတို့ကိုပါ ဆိတ်သုဉ်းစေသည်။ ပါတီတွင်း ဗဟိုဦးစီးချုပ်ကိုင်မှု အားကောင်းပါက ခေါင်းဆောင်မှု ပြဿနာကို ရင်ဆိုင်ရနိုင်သည်အထိ ဆိုးကျိုးများကို ခံစားရစေသည်။ ဒီမိုကရေစီပင် ကျင့်သုံးပါစေ၊ ပါတီတွင်း ဗဟိုဦးစီးချုပ်ကိုင်မှုကို မလျှော့ချနိုင်ပါက အာဏာရှင်စနစ်သို့ ဦးတည်သွားတတ်ပေသည်။

ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချခြင်း၏ ကောင်းကျိုးများ

ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချခြင်းသည် အစိုးရ (သို့မဟုတ်) အဖွဲ့အစည်းတခု၏ အောင်မြင်မှုကို အလျားလိုက် ကျယ်ပြန့်စေသည်။ ထို့အပြင် အဖွဲ့ဝင်တဦးချင်းစီ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေသည်။ ခေါင်းဆောင်သစ်များကို ဖြစ်ပေါ်စေပြီး အဖွဲ့အစည်း၏ ခေါင်းဆောင်မှုပြဿနာကို လျော့နည်းစေသည်။ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို အားပေးသည့်အတွက် တီထွင်ဖန်တီးမှုနှင့် ရှေ့ဆောင်ဦးရွက် အလျားလိုက် ခေါင်းဆောင်မှုများကို ဖြစ်ထွန်းအောင်မြင်စေသည်။ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို အားကောင်းစေသည့်အပြင် တာဝန်သိမှုကိုပါ တပြိုင်နက်တည်း အားပေးမြှင့်တင်ပေးသည်။

Federalism တွင် အရေးပါသည့် အခြေခံအကျဆုံး လုပ်ငန်းစဉ်

Local governments သည် Federalism တွင် အရေးပါသည့် အခြေခံအကျဆုံး လုပ်ငန်းစဉ် ဖြစ်သည်။ ဗဟိုအစိုးရ၏ လုပ်ဆောင်ချက် ကောင်းမွန်ခြင်းသည် ဒေသန္တရအစိုးရကို ထင်ဟပ်စေသည်။ ဥပမာ တောအုပ်ကြီးကို အဝေးကကြည့်တဲ့အခါ သစ်တောကြီးအဖြစ် ကောင်းမွန်စွာ မြင်ရခြင်းသည်၊ ထိုတောအုပ်အထဲရှိ သစ်တပင်ချင်း ကောင်းမွန်နေသည့်အတွက်ကြောင့် ဖြစ်သည်။ တောအုပ်ကြီးဆိုသည်မှာ ဗဟိုအစိုးရသည်ပင်။ သစ်တပင်ချင်းသည် ဒေသန္တရအစိုးရများဖြစ်သည်။ ဒေသန္တရအစိုးရများ အားကောင်းမှသာ ‌ဗဟိုအစိုးရ၏ စွမ်းဆောင်ရည် ကောင်းမွန်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ဗဟိုအစိုးရများသာ အားကောင်းသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ‌အခြေခံအဆင့်ရှိ ဒေသန္တရအစိုးရများ၏ အရည်အသွေးမှာ ကျဆင်းခဲ့ရသည်။ ထို့အပြင် ဒေဿန္တရအစိုးရများနှင့် ထိစပ်လျက်ရှိသော ပြည်သူလူထု၏ အကျိုးစီးပွားသည် ဆိုးရွားစွာ ထိခိုက်နစ်နာခဲ့ရသည်။

‌ဒေသန္တရအစိုးရကို ကောင်းမွန်စွာ ပုံပေါ်စေသည့် အဓိကစနစ်များ

Federal, Democracy, Decentralisation, Self-determination စသည့် အကြောင်းအရာများသည် ဒေသန္တရအစိုးရကို ကောင်းမွန်စွာ ပုံပေါ်စေသည့် အဓိက စနစ်များဖြစ်သည်။ ဥပမာ ဆုံးဖြတ်ချက်ချသည့် အစီအစဉ်တွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည့်အတွက် အကျိုးသက်ရောက်သွားစေသည့် ဒေသခံပြည်သူတို့က ထိုဆုံးဖြတ်ချက် ချမှတ်သည့်နေရာတွင် ပါဝင်နေရမည်ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေသည် ဒေသန္တရအစိုးရများ၏ အခန်းကဏ္ဍ မည်မျှအရေးပါသည်ကို သိနိုင်သည်။ ဒေသန္တရ အစိုးရသည် ဖက်ဒရယ်စနစ်တွင် အရေးပါသည်။ မြန်မာနိုင်ငံ၏ အထွေထွေပဋိပက္ခ မကျေနပ်မှုများသည် ဗဟိုအစိုးရက နိုင်ငံရေး၊ စီးပွာရေး လုပ်ပိုင်ခွင့်များကို ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်းကြောင့် ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။ ထိုအဆိုကို ကျွန်ုပ်သည်လည်း ထောက်ခံပါသည်။ ဖက်ဒရယ်မှာ ‌‌ဗဟိုချုပ်ကိုင်မှု လျှော့ချမှသာလျှင် ဒေသန္တရအစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာ ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပြီး ဒေသခံပြည်သူတို့၏ လိုအပ်ချက်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ကိုက်ညီသော ဖက်ဒရယ်စနစ်

မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဖက်ဒရယ်စနစ်သည် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ပြည်ထောင်ပေါင်းစု ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ထိုပြည်ထောင်စုတွင် စုံလင်ကွဲပြားသော တိုင်းရင်းသားပြည်သူလူထုနှင့် ထိစပ်မှုရှိသော ဒေသန္တရအစိုးရများ အားကောင်းခိုင်မာရေးသည် အလွန်အရေးပါကြောင်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သားတိုင်း အထူးသတိချပ်သင့်ပေသည်။

ချစ်မင်းနွဲ့ကြည်

(မှတ်ချက်။ ။ မြန်မာနိုင်ငံနှင့် ကိုက်ညီသောဖက်ဒရယ်စနစ် စာတမ်းငယ်အဖြစ် ပြုစုထားခြင်း ဖြစ်သည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013