DVB Logo
Home
Lead Story
မအလ ကင်ဆာနောက်ဆုံးအဆင့် (သရော်စာ)
DVB
·
April 22, 2023
မအလ ကင်ဆာနောက်ဆုံးအဆင့် (သရော်စာ)
Donate to DVB

(က)

မြန်မာ့ရာဇဝင်မှာ ‘အခြောက်ကပ်ဆုံး’ ဟု သမိုင်းဝင်သွားခဲ့ပြီဖြစ်သည့် ‘သင်္ကြန်’ကား ပြီးခဲ့ပြီဖြစ်၏။ မြန်မာလူထု၏ ၉၅ ရာခိုင်နှုန်းကျော်ကား သင်္ကြန်ကို ငြင်းဆန်ခဲ့လေပြီ။ လူလိုသိတတ်သူ အများစုကား ကိုယ်ချင်းစာတရားရှေ့ထားကာ သင်္ကြန်မှာ မပျော်ပါးခဲ့ကြ။ မြန်မာပြည်တွင်း ဒေသအသီးသီးရှိ သွေးမြေကျနေရသူအပေါင်းကို ငဲ့ညှာကာ သင်္ကြန်ရေ မထိခဲ့ကြပါ။

လူစိတ်ကင်းမဲ့သူ ၅ ရာခိုင်နှုန်းခန့်လောက်သာ သင်္ကြန်ကို မငြင်းဆန်ဘဲ ပျော်ပျော်ကြီး နွှဲခဲ့ကြပါလေ၏ ခင်ဗျာ။ မအလ နမလ စကစ က ကျင်းပပြုလုပ်သည့်သင်္ကြန်မှာ မအလတို့၏ ပေးကန်းစွန့်ကြဲသော အရိုးအရွတ်ကလေးများကို ကိုက်ကာ မြုံ့ကာ စုတ်ကာ သင်္ကြန်စင်မြင့်များထက်မှာ ပျော်ပျော်ကြီး ‘အူ’ ခဲ့ကြပါလေ၏။

‘အူ’ ရုံသာမက ‘ပရိသတ်’ ကိုပါ ‘ကိုက်’ ခဲ့ကြလေသည့်အတွက် လူထုပရိသတ်တို့မှာ ‘ခွေးရူးပျံကာကွယ်ဆေး’ ထိုးကြရဖို့ကိန်း ဆိုက်ရောက်ခဲ့ပါလေ၏။ ခွေးရူးကြီး မအလကား နောက်ထပ်ခွေးရူးအသစ်များကိုပါ ဖန်တီးကာ စင်တင်၍ ပွဲထုတ်ခဲ့လေသည့်အတွက် အဖိနှိပ်ခံ ပြည်သူလူထုမှာ ‘လဲရာ သူခိုးထောင်း’ ကိန်း ဆိုက်ခဲ့ရပြီ ဖြစ်ပါ၏။

အယုတ်တမာ့ထိပ်ခေါင် မအလ စင်တင်ပွဲထုတ်ခဲ့သည့် အနုပညာရှင်ဆိုသူများမှာလည်း စည်းဝါးကိုက်အောင် ဆိုတတ်ဖို့မဆိုထားနှင့်၊ လေပင် ဖြောင့်အောင်ချွန်တတ်သူများ မဟုတ်ကြလေရာ နဂိုကတည်းကမှ အရှက်နှင့်သိက္ခာမရှိခဲ့သည့် ကြင်စိုး သာဝ မအလမှာ ဖွတ်သထက် ညစ်အဖြစ်သို့ ထပ်မံ၍ ထိုးစိုက်ဆင်းခဲ့ရပြန်ပါလေတော့၏။

တကယ့်အနုပညာရှင် ပြည်သူချစ် အဆိုကျော်တို့ကား မိမိတို့၏ နှုတ်ခမ်းလွှာများကို ခေတ်ပြောင်းတော်လှန်ရေး ကာလအတွင်း အသေပိတ်ထားကြချိန်မှာ သူခိုး ပီဘိ လုဓားပြ မအလဘက်တော်သား အချို့ကား သူတပါး၏ မူပိုင်သီချင်းများကို ရဲရဲတင်းတင်း ဗြောင်ခိုးကာ စင်မြင့်များပေါ်မှာ ကပေါက်တိကပေါက်ချာ ထင်တိုင်းကြဲခဲ့ကြပါလေ၏ ခင်ဗျာ။

“အမေးလိုက်အကား . . . ခွန်အားချိမှ”

ကြားရကြားရ နားဝ စိတ်ဆင်းရဲကြရပါလေ၏။ အောက်မှာ ပရိသတ်မရှိသော မဏ္ဍပ်စင်မြင့်တွေပေါ်မှာ ခွေးအတွေ လှည်းနင်းသလို အလျှို အလျှို ခုန်ပေါက်ကာ ဟစ်ကြွေးနေခဲ့ကြပါလေ၏။

ကြင်စိုး သာဝ မအလကား ဘယ်ရေပက်ခံမဏ္ဍပ်အနားသို့မှ မသွားဝံ့ဘဲ မေမြို့ သို့မဟုတ် ပြင်ဦးလွင်မှာ သူ၏ ဒဏ်ရာရလက်ဖဝါးကို အကြီးစား ခွဲစိတ်နေခဲ့ရပါလေ၏ ခင်ဗျာ။

(ခ)

သင်္ကြန်ပြီးတော့ ‘နှစ်ဦးဆွမ်းကျွေး’ အတွက် စိမ်းသရဖူစိမ်းကိုယ်တော်၏ တောင်ကျောင်းမှာ စုဝေးလုပ်ကိုင်နေကြပါလေ၏။ အစိမ်းရောင်ကျောင်းမှာ အဘစိမ်းမောင်တို့ အဘစိမ်းလွင်တို့ ဦးဆောင်သည့် အစိမ်းအုပ်စု လေးငါးခြောက်ယောက် ရောက်ရှိနေပါ၏။

သည်ဘက် အရွှင်အဖွဲ့မှာကား အဘစောမူးသာတို့ အဘလုံးတုံးတို့ အဘထွန်းခင်တို့ အဘရစ်ချတ်တို့ အပါအဝင် ဆယ့်လေးငါးယောက် ရှိပါလေ၏။ ဝက်သားကျွေးမည်ဟုသိရပြီး အုပ်စုလိုက် ရေနွေးအိုးတည်ကြ၊ ဝက်မွေးခြစ်ကြ၊ ဝက်သားတုံးကြ၊ ကြက်သွန်ခွာကြ၊ ငရုတ်သီးထောင်းကြဖြင့် မြိုင်ဆိုင်လှပါလေ၏။

အဘစိမ်းမောင်တို့အုပ်စုဘက်မှာ ဒီနှစ်သင်္ကြန် ဘယ်လိုစည်ကားကြောင်း၊ ဘယ်လို အေးချမ်းသာယာခဲ့ကြောင်း၊ ပြည်သူလူထု ဘယ်လိုပျော်ရွှင်ကာ ဘယ်လိုပါဝင်ဆင်နွှဲခဲ့ကြကြောင်း . မြဝတီက သတင်းတွေပမာ မဟုတ်မဟပ်တွေ လုပ်ဇာတ်တွေ လီဆယ်ကာ အားရပါးရ ပလုပ်ပလောင်း ပြောနေကြလေရာ အဘစောမူးသာက ဖေကြီးတို့အား အဓိပ္ပာယ်ပါပါ ပြုံးပြပါလေ၏။

“အမေးလိုက်အကား . . . ခွန်အားချိ မှ . . . ငပု တံဆိပ်တွေ ယားလိမ့်မယ် . . . . .”

“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”

အဘစောမူးသာ၏ ရုတ်တရက်အဆိုကို ကျွန်ုပ်တို့ဘက်မှ ရုတ်တရက် ထရယ်လိုက်ကြပါလေ၏။ အဘစိမ်းမောင်တို့အုပ်စုကား ရှုတည်တည် မျက်နှာကြီးတွေဖြင့်။ ပြီးတော့ သူတို့အဘ မအလအကြောင်းကို အမွှမ်းတင်ကာ ဆက်ပြောနေကြပြန်ပါလေ၏။

“စကစဥက္ကဋ္ဌကြီးက ‘ကိုကိုးကျွန်း’ ကိုသွားလိုက်သေးတယ်ကွ”

“သွားမှာပေါ့ဟ . . . သူ ‘တကျွန်း’ ကျရင် နေရမယ့်နေရာပဲဟာ၊ သေသေချာချာ သွားပြင်ထားမှာပေါ့”

“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”

အဘစိမ်းမောင့်အပြောကို အဘစောမူးသာက ဝင်ထောက်လိုက်ချိန်မှာ ကျွန်ုပ်တို့ဘက်က ထရယ်မိကြပြန်ပါလေ၏ ခင်ဗျာ။ အဘစိမ်းမောင်မှာ သူတို့အဘကိုထိတော့ ခံနိုင်ပုံမရ။ နောက်တနည်း ဆက်ပြောပြန်ပါလေ၏။

“ဘာပဲဖြစ်ဖြစ်ကွာ၊ နစကဥက္ကဋ္ဌကြီးဟာ အခုနှစ် Times မဂ္ဂဇင်းကရွေးချယ်တဲ့ ကမ္ဘာ့ကျော်ကြားသူ ၁၀၀ ထဲမှာ ပါတယ်ကွ . . . ဟ ဟ”

“အေးလေ . . . အဲဒါတော့ မှန်သဟ၊ ကျန်တဲ့ ၉၉ ယောက်က ‘အကောင်း’ နဲ့ ကျော်ကြားတာ၊ မအလက ‘အဆိုး’ နဲ့ ကျော်ကြားတာ”

“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”

အဘစိမ်းမောင်မှာ တော်တော့်ကို ‘တင်း’ နေသည့် မျက်နှာကြီးနှင့်ပါ။ သူဘာပြောပြော အဘစောမူးသာက ရအောင် လိုက် ‘ထောက်’ပြီး ကျန်အဘ ထွန်းခင်တို့၊ အဘရစ်ချတ်တို့၊ ကျွန်ုပ်နှင့် အဘလုံတုံးတို့က ‘အုံးအုံးထ’ ရယ်ချမိကြလေရာ ‘စိမ်းသရဖူစိမ်း’ အုပ်စုမှာ မျက်နှာကြီးတွေ မည်းပုပ်လာပါလေ၏။

(ဂ)

အဘစိမ်းမောင်က လေချိုသွေးကာ နောက်ထပ်တမျိုး ချိုးလာပြန်ပါလေ၏။ အဓိကအချက်ကား သူတို့အဘဟာ ဘယ်လောက်အထိ နေ့မအိပ်ညမအိပ် အလုပ်လုပ်ကြောင်း၊ ဘယ်လောက်အထိ တိုင်းပြည်နဲ့လူထုအပေါ် စေတနာရှိကြောင်း၊ မြန်မာ့သမိုင်းမှာ ဒီလောက်အထိ အလုပ်လုပ်တဲ့မင်း မတွေ့ဘူးသေးကြောင်း . . တံတွေးတွေ ပလုပ်ပလောင်းနှင့် ပြောနေပြန်ပါလေ၏။

အဘစောမူးသာက ကျွန်ုပ်တို့အား အဓိပ္ပာယ်ပါပါ ရယ်ပြပါ၏။ ပြီးတော့ သူ့ခေါင်းမှာပေါင်းထားသည့် တဘက်ကိုချွတ်ကာ အရှည်လိုက်ခေါက်ပြီး သူ့လက်ဖဝါးကို ပတ်တီးစည်းသလို ချည်နှောင်နေတာ တွေ့ရပါလေ၏ ခင်ဗျာ။

ရုပ်ရှင်သဘောနှင့်ဆိုပါက အနှီ ‘နိမိတ်ပြ’ လေးမှာ နောက်လာမည့်ဇာတ်ကွက်အတွက် ကြိုတင်ချိတ်ဆက်ထားတာဟု ယူဆရပါ၏။

ဤမှာတင် အဘစိမ်းမောင်ထံမှ မအလကြီး၏ စေတနာတွေ မေတ္တာတွေကို ဆက်ကြားကြရပါလေ၏။

“အခုလည်းကြည့်ကွာ၊ နေ့မအား ညမအား အလုပ်တွေ တအားများနေတော့ သင်္ကြန်တွင်းကျကာမှပဲ ပြင်ဦးလွင်ကိုသွားပြီး သူ့လက်က ဝေဒနာကို ခွဲစိတ်ဖြစ်တော့တယ်”

အဘစိမ်းမောင့်စကားကိုကြားတော့ အဘစောမူးသာက တဘက်စည်းထားသည့် သူ့လက်ဖဝါးကို ဖြဲစပ်စပ်နှင့် ထောင်ပြပါလေ၏။

“အဲဒါ ဘာဖြစ်တာလဲ သိလား စိမ်းမောင်”

“အဲ . . . အဲ . . . အဲဒါတော့ မသိဘူး . . .”

“အေး . . . မသိရင်မှတ်ထား . . . မအလကြီး ‘လက်ဖဝါးကင်ဆာ’ ဖြစ်နေလို့ဟ”

“ဟေ . . . ‘လက်ဖဝါးကင်ဆာ’ ဟုတ်လား၊ ငါတော့ တသက်နဲ့တကိုယ် တခါမှ မကြားဖူးဘူး”

“အေး . . . တကယ်ဖြစ်နေတာကွ”

ရှင်းပြပါလေ၏။ နိုင်ငံတခုမှာ တိုင်းပြည်တပြည်မှာ ‘စစ်တပ်’ ဆိုတာ ရှိရမှာဖြစ်ပြီး အဲသည်စစ်တပ်ဟာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ အဲသည်လိုမဟုတ်ဘဲ စစ်တပ်ကို ‘မောင်ပိုင်’ စီးကာ ‘ကိုယ်ပိုင်တပ်’ လုပ်ပြီး လူထုကို နှိပ်စက်သတ်ဖြတ်ဖို့ ခိုင်းစေနေရင်၊ ခိုင်းစေခံရတဲ့ စစ်တပ်ကလည်း အဲသည်လို ‘အဓမ္မကောင်’ ရဲ့ အခိုင်းခံလုပ်နေရင် အဲသည်တိုင်းပြည်နဲ့ လူထု ဒုက္ခရောက်ကြောင်း အသေအချာကို ရှင်းပြပါလေ၏။

“အခု မင်းတို့အဘ ကြင်စိုး သာဝ မအလဟာ အိမ်ကြက်ချင်း အိုးမည်းသုတ်ပေးပြီး ခွပ်ခိုင်းနေသူ လူယုတ်မာကြီးလေ . . .”

“- - - - - -”

“ဒီလို နေ့စဉ်နဲ့အမျှ အိုးမည်းသုတ်ပေးနေတဲ့ သူ့လက်ဖဝါးတွေဟာ အခုအခါမှာတော့ ‘လက်ဖဝါးကင်ဆာ’ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီတဲ့ကွ . . . အာဟ . . .  အာဟ . . . အာဟ”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013