DVB Logo
Home
မြန်မာသတင်း
အလည်အပတ်နှင့် ပညာရေးပတ်စ်ပို့ကိုင်ဆောင်သူများအတွက် ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးက စည်းကမ်းတင်းကျပ်
DVB
·
April 22, 2023
အလည်အပတ်နှင့် ပညာရေးပတ်စ်ပို့ကိုင်ဆောင်သူများအတွက် ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးက စည်းကမ်းတင်းကျပ်
Donate to DVB

ထိုင်းမှာ အလည်အပတ်နဲ့ ပညာရေးပတ်စ်ပို့တွေနဲ့ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့ သက်တမ်းတိုးတဲ့အခါ ပူးတွဲတင်ပြရမယ့် စာရွက်စာတမ်း သတ်မှတ်ချက် အသစ်တွေကို စစ်ကောင်စီ လက်အောက်ခံ ချင်းမိုင် ကောင်စစ်ဝန်ရုံးကနေ  ထုတ်ပြန်လိုက်ပါတယ်။

PV (အလည်အပတ် ပတ်စ်ပို့) နဲ့ PE (ပညာရေး ပတ်စ်ပို့) ကိုင်ဆောင်ထားသူတွေ သက်တမ်းတိုးရင် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ဒေသက ရဲစခန်း၊ ရပ်ကွက် ထောက်ခံစာ၊ မြန်မာနိုင်ငံက ပြန်တမ်းဝင် အရာရှိတစ်ဦးရဲ့ ထောက်ခံစာ၊ မိဘနှစ်ပါးရဲ့ ထောက်ခံချက်နဲ့ ကျောင်းတက်နေတဲ့ အထောက်အထားတွေ တင်ပြရမယ်လို့  ဧပြီလ ၁၇ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

အခုလို သတ်မှတ်ချက်တွေကြောင့် ပတ်စ်ပို့ သက်တမ်းတိုးရင် ငွေကြေး ကုန်ကျမှုတွေ ပိုရှိလာနိုင်သလို ထိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ တိမ်းရှောင်နေတဲ့ မြန်မာတွေကို စစ်ကောင်စီက ထိန်းချုပ်ချင်တာကြောင့်လို့ ထိုင်းရောက် မြန်မာ ကျောင်းသား တစ်ယောက်က ပြောပါတယ်။

"စိတ်တော့ တော်တော် ရှုပ်ရတာပေါ့။ အကယ်လို့ လုပ်လို့ မရဘူးဆိုရင် ပတ်စ်ပို့ သက်တမ်းကုန်ရင် ဘယ်လို လုပ်ရမလဲ မသိဘူး။ ပြန်လို့ မရတဲ့သူတွေဆို ပိုဆိုးမယ်။ CDM သမားတွေပေါ့။ ရှောင်ထွက်လာတဲ့သူတွေကို ပြန်ပြီး နောက်ကြောင်းလိုက်ချင်လို့။ ရှောင်ထွက်လာတဲ့သူတွေ ဒီမှာ နေနေလို့မရအောင် နေနေရင်လည်း သူတို့ သိရအောင်ပေါ့။ အဲ့လို ပုံစံ လုပ်ချင်တာ။ ဒါမှ မဟုတ် နောက်ဆက်တွဲ လိုက်လို့ရအောင်ပေါ့။ အဓိကကတော့ သူတို့ control အောက်မှာ ရှိနေတာပေါ့။ ကာယကံရှင်တွေ ဘက်ကတော့ ပိုက်ဆံပိုကုန်တာ ရှိသွားမယ်။ သူတို့ကတော့ သူတို့ လက်အောက်မှာ ကုပ်ထားလို့ရအောင် လုပ်တယ်ပဲ မြင်တယ်။"

ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာအများစုက PJ စာအုပ် ကိုင်ကာ အလုပ်လုပ်သူတွေဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံသားတွေ များလာသလို အများစုက အလည်အပတ်နဲ့ ပညာရေး ပတ်စ်ပို့ စာအုပ်တို့နဲ့ နေထိုင်ကြတာပါ။

အခုလို သတ်မှတ်ချက်တွေထဲမှာ မြန်မာအများစု စိုးရိမ်နေတာက ပြန်တမ်းဝင် အရာရှိတစ်ဦးရဲ့ ထောက်ခံချက်နဲ့ မိဘနှစ်ပါးရဲ့ ထောက်ခံချက် စတဲ့ အချက်တွေ တင်ပြရမှာ စိတ်ပူနေကြပြီး ဒါဟာ တနည်းအားဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတွေမှာ ပါဝင်သူတွေ၊ ထိုင်းမှာ နိုင်ငံရေးကြောင့် တိမ်းရှောင်လာသူတွေကို ထိန်းချုပ်ချင်တာကြောင့်လို့ ပြောဆိုနေကြပါတယ်။

ထိုင်းရောက် မြန်မာ ပတ်စ်ပို့ ပွဲစားတစ်ယောက်ကတော့ အခုလို သတ်မှတ်ချက် အသစ်တွေက နိုင်ငံရေးကြောင့် ထိုင်းဘက်မှာ ရောက်နေသူတွေကို စစ်ကောင်စီက ရည်ရွယ်ပြီး ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်တာလို့ ပြောပါတယ်။

"အခု မြန်မာပြည်ကနေ စာအုပ်ကိုင်ပြီး ဝင်လာတဲ့သူတွေ ရှိတယ်။ အခုနောက်ပိုင်း နိုင်ငံရေးနဲ့ ပြေးလာတဲ့သူတွေက အကုန်လုံးက PV စာအုပ် ကိုင်ထားကြတာ များတယ်။ အချို့ကျ ဗီဇာ ဖရီးနဲ့ လာတာ ရှိတယ်။ အချို့ကျ အလည် ၃ လ ဗီဇာနဲ့ လာပြီး ဘတ်ရိုက်ပြီး ဗီဇာတုံးထုလိုက်တော့ သူတို့ စာအုပ်က PV ဖြစ်နေတာလေ။ စာအုပ်သက်တမ်းကုန်လို့ လဲမယ်ဆိုတော့ သူတို့အတွက်ကျ ပင်ပန်းတာပေါ့။ မြန်မာပြည်လည်း ပြန်လဲလို့ မရဘူး။ မြန်မာပြည်လည်း ပြန်လို့ မရဘူး။"

ထိုင်းရောက် ပတ်စ်ပို့ ပွဲစားက"အဓိကတော့ ထိခိုက်သွားတာတော့ နိုင်ငံရေးနဲ့ ထိုင်းထွက်လာတဲ့သူတွေ အဲ့လူတွေ အတွက် ပင်ပန်းသွားတာပေါ့။ အဓိက ရည်ရွယ်တာလည်း အဲ့လူတွေအတွက် ရည်ရွယ်တာလေ။ ထိုင်းရောက် မြန်မာတွေက PV စာအုပ်ကိုင်တာနည်းတာကိုး။ PV စာအုပ်ကိုင်ထားတဲ့ အလုပ်သမား ရာခိုင်နှုန်းက တော်တော်နည်းတယ်။ မရှိသလောက်ပဲ။ အဲ့လူတွေအတွက်ပဲ ဆက်တိုက် ရည်ရွယ်ပြီး ကျပ်တာ"လို့ ဒီဗွီဘီကိုပြောပါတယ်။

အခုလို ပတ်စ်ပို့ သက်တမ်းတိုးရာမှာ သတ်မှတ်ချက်တွေ ထပ်တိုးထုတ်ပြန်တဲ့အတွက် ချင်းမိုင် ကောင်စစ်ဝန်ရုံးကို ဆက်သွယ် မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ 

သတ်မှတ်ချက် အသစ်တွေတိုးလိုက်တဲ့အတွက် ပတ်စ်ပို့လုပ်ခ စျေးနှုန်းတွေ သိသိသာသာ မြင့်တက်သွားတာမျိုး မရှိဘဲ လက်ရှိ အချိန်ထိ ဘန်ကောက် မြန်မာသံရုံး အပါအဝင် ချင်းမိုင် ကောင်စစ်ဝန်ရုံးတို့မှာ ပတ်စ်ပို့ သက်တမ်းတိုးကိစ္စတွေအတွက် ပွဲစားနဲ့ လုပ်ကိုင်ရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ထိုင်းမှာ ပတ်စ်ပို့စာအုပ် သက်တမ်းတိုးမယ်ဆိုရင် ပွဲစားခ ဘတ် ၅၀၀၀ ကနေ ဘတ် ၈၀၀၀ လောက်အထိ အစားစား ရှိပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်သူ မြန်မာ အရေအတွက် ၅ သန်း နီးပါးရှိနေပြီး CDM အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာတဲ့ မြန်မာ ၆ သောင်းကျော် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013