DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၃၀ ခန့် ရှိလာ
DVB
·
April 21, 2023
စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၃၀ ခန့် ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၂၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၄၇၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၅၇၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၆၄၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၀ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၈၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်အုပ်စုက စွပ်စွဲထောင်ချထားတဲ့ အမှုတွေထဲက အယူခံတင်ထားတဲ့ အမှုတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ကယ်ဆယ်ရေးရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ သက်ဆိုင်တဲ့ အဂတိလိုက်စားမှု ၅ မှု၊ ရွေးကောက်ပွဲဆိုင်ရာ မသမာမှု စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) နဲ့  မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) အမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ ကြားနာစစ်ဆေးဖို့ လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီ ၁၉ ရက် မနက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာကို အင်အား ၁၀၀ ကျော် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာနေချိန်မှာပဲ တပ်ဖွဲ့ဝင် ၅ ယောက်ကို အကြမ်းဖက် စစ်အုပ်စုတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တပ်ဖွဲ့ဝင် ၅ ယောက် ကတော့ ကိုတရုတ်ကြီး၊ ကိုမိုးဟိန်း၊ ကိုဖိုးကျော်၊ ကိုနောင်နဲ့ ကိုကျော်နိုင်တို့ ဖြစ်ကြပြီး သူတို့ရဲ့ ရုပ်အလောင်းတွေမှာ သေနတ်နဲ့ ပစ်ခတ်ခံထားရပြီး မျက်လုံးတွေကိုလည်း ဖောက်ထုတ်ခံထားရတာကို တွေ့ရှိခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။ ဒါ့အပြင် အဆိုပါ စစ်ကြောင်း ပြန်လည်ထွက်ခွာချိန်မှာလည်း ဒေသခံ အမျိုးသား ၅ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013