
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက မှော်ဘုံ(မဒဲန်ယန်)ကျေးရွာကို ဧပြီ ၂၁ ရက် ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံ ၆၀ ကျော်ထပ်မံ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက “ရွာထဲကသူတွေကို PDF၊ NUG ကို မထောက်ခံကြောင်း၊ အလိုမရှိကြောင်း အော်ခိုင်းတယ်။ အဲ့ဒါကို သူတို့ဖုန်းတွေနဲ့ရိုက်ပြီး မှတ်တမ်းယူတာတွေ လုပ်တယ်။ ပြီးတော့ အခု ဒေသခံ ၆၀ ကျော်ကို ဖမ်းဆီးထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒေသခံ ၆၀ ကျော်လောက်ကို ဖမ်းဆီးပြီး စစ်ကောင်စီတပ်သား ၅၀ လောက်နဲ့ ရွာကထွက်ခွာသွားသလို စစ်ကောင်စီတပ်တချို့က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ် ကျေးရွာထဲ ဝင်ရောက်လာချိန်မှာလည်း ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဧပြီ ၁၈ ရက်မနက်ကလည်း တိုက်ပွဲဖြစ်ပြီး စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးလာသည့် ရွာသားတွေထဲက အမျိုးသမီး ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၆) ကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းရှိပါတယ်။