
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာ(တောင်)ကျေးရွာအနီး ဧပြီ ၂၁ ရက် ဒီနေ့မနက် ၉ နာရီခွဲက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေဦးမြို့ကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးပြီး မနေ့ ဧပြီ ၂၀ ရက် ညနေမှာ ရွှေဘိုမြို့ စစ်ကောင်စီတပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းကို ရောက်ရှိလာတာလို့ ဆိုပါတယ်။
“မနက်ခင်း လေ့ကျင့်ရေးကနေ ထွက်လာတဲ့ကောင်တွေဗျ။ သူတို့ကောင်တွေ ကျနော်တို့ ကျားရွာ(တောင်)ရွာဘက် မရောက်ခင် မိုင်းတလုံးပေါက်သံ ကြားရတယ်။ နောက်ပြီး ထိပ်တိုက် လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တဲ့အသံတွေ ကြားရတယ်။ သူတို့ နှစ်ဖက်တိုက်ပွဲဖြစ်နေတော့ ကျနော်တို့ ကျားရွာ(တောင်)ရွာ၊ ကျားရွာ(မြောက်) စတဲ့ အနီးအနားက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါတိုက်ပွဲကို ရွှေဘိုမြို့နယ် ပကဖ၊ တပ်ရင်းများ၊ မဟာမိတ်အဖွဲ့များနဲ့ စစ်ကောင်စီ တော်လှန်ရေးအင်အားစုများ စုပေါင်းတိုက်ခိုက်တာလို့လည်း ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုရဲခေါင်က “တိုက်ပွဲဖြစ်တာက ဟုတ်ပါတယ်ဗျ။ ပထမကတော့ ဒီကောင်တွေ မိုင်းတလုံးမိတယ်။ အထိအခိုက်တော့ အသေအချာ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ လက်ရှိအချိန်အထိ အကျအဆုံး အထိအခိုက် မရှိသေးဘူး။ စစ်ရေးအခြေအနေကတော့ သူစောင့်ကြည့်၊ ကိုယ်စောင့်ကြည့် အနေအထားပါပဲ” လို့ ပြောပါတယ်။
အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ကျားရွာ(တောင်)ကျေးရွာနဲ့ ကျားရွာ(မြောက်)ရွာကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်မှာ အခုလို စစ်ကြောင်းထိုးရင်း ကျေးရွာကို မီးရှို့ခဲ့လို့ အိမ်ခြေ ၇၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျားရွာကျေးရွာဟာ အိမ်ခြေ ၁,၅၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။